Tuesday, January 14, 2014

" ချေးထိုးပိုးကောင်များ "

" ချေးထိုးပိုးကောင်များ "            ( The Voice Daily _ 25.11.13 )


. . . . . ကျွန်တော် နှစ်သက်ခဲ့မိတဲ့ ရုရှဟာသလေးတစ်ခုကို တမြန်နေ့က အိပ်မက်အဖြစ် မက်ပါတယ်။ နွားချေးပုံကြီးထဲက ချေးထိုးပိုးသားအဖ အကြောင်းပေါ့။
. . . . . သားချေးထိုးပိုးလေးက ပြောတယ်။ " အဖေ .. ဒီ နွားချေးပုံကြီးရဲ့ အပြင်မှာ ဘာရှိသလဲ ဟင် "
" အင်မတန်သာယာလှပတဲ့ သြကာသလောကကြီး ရှိတာပေါ့သားရယ် "
" ဒါဖြင့် သားတို့ ဒီထဲကထွက်ပြီး သြကာသလောကကြီးထဲကို သွားကြမယ်လေ .. အဖေ "
. . . . . ချေးထိုးပိုးအဖေကြီးဟာ သက်ပြင်းချပြီးသားငယ်ကို ပြန်ဖြေသတဲ့။ " ဟင်း ... သား ကြီးတော့ နားလည်လာကောင်းပါရဲ့ကွာ။ ဒို့ချေးထိုးပိုးတွေမှာလည်း ချစ်ခင်မြတ်နိုးအပ်တဲ့ 'အမိမြေ' ဆိုတာ ရှိတယ်ကွဲ့" ။

x x x x x x x

. . . . . အိပ်မက်မမက်ဖြစ်ခင် ရက်အတန်ကြာတုန်းက ကျွန်တော်ဟာ သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံဖြစ်တယ်။ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံကြီးရဲ့ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်ကနေ ဘွဲ့လွန်ဒီကရီ ရယူခဲ့တဲ့သူ တစ်ယောက်ပေါ့။ သူ့မွေးရပ် တိုင်းပြည်မှာ ဘယ်လိုမှ ရှာဖွေဖို့မဖြစ်နိုင်တဲ့ လုပ်ခလစာတွေကို စွန့်ထားခဲ့ပြီး ပြည်တော်ပြန်လာခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်သူငယ်ချင်းများရဲ့ " လူမိုက်" ဆိုတဲ့ ဂုဏ်ပြုစကားသံကို အပြုံးနဲ့ တုန့်ပြန်နိုင်သူပါ။ သူ့ကို လူမိုက်လို့မခေါ်တတ်တဲ့ ကျွန်တော်နဲ့တွေ့တော့ ပြုံးမပြနိုင်စွမ်းတဲ့ သူ့အဖြစ် အပိုင်းအစတွေ ဖွင့်ဟပါတော့တယ်။
. . . . . သံရုံးက အစ ၊ လေဆိပ်ဝန်ထမ်းများမှ အလယ် ၊ တက္ကစီဒရိုင်ဘာ အဆုံး သူချစ်မြတ်နိုးတဲ့ သူ့လူမျိုးများရဲ့ ကြိုဆိုမှုအကြောင်း ပြန်ပြောင်းပြောပြတော့ ကျွန်တော်လည်း ပြုံးလို့ မရတော့ပါ။ အဆိုးဆုံးကတော့ ဟိုနိုင်ငံကြီးမှာ သူရနိုင်မယ့်လခရဲ့ ဆယ်ပုံတစ်ပုံကို ဖွင့်ပြောတောင်းမိလို့ သူ့ရဲ့ကိုယ်ရေးဖိုင် ပြန်ပစ်ပေးတာ ခံရတဲ့အကြောင်းဖြစ်ပါတယ်။ ပြန်ပစ်ပေးသူဟာလည်း သူက တကူးတကန့်ရှာဖွေထားခဲ့တဲ့ သူသိပ်ချစ်မြတ်နိုးသော သူ့လူမျိုး အရင်းကြီးများ ဖြစ်ကြပါသတဲ့လေ။
. . . . . သူဟာ ဈေးဝယ်တိုင်းလည်း ဆိုင်များကို ကြိုးစားပြီး အချိန်ယူ ခွဲခြားလေ့ရှိသူတစ်ဦး ဖြစ်ပြန်တယ်။ သို့သော်လည်း ကံမကောင်းတာက များတတ်သူပါ။ သူရွေးချယ်ခဲ့သမျှ သူ့လူမျိုးပိုင် ဆိုင်များရဲ့ သူ့လူမျိုးအရောင်းဝန်ထမ်းတွေက တလေးတစား ဖော်ရွေဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံမှုမျိုး မရရှာပါဘူး။ တောက်တောက်ပြောင်ပြောင်နဲ့ အဆင်တန်ဆာ ပေါ်လွင်အောင် မ၀တ်တတ်တဲ့ အကျင့်ကြောင့်ပဲလား ၊ သူဌေးလေသံ သူဌေးဟန်နဲ့ မပြောတတ်ပဲ ရိုကျိုးနှိမ့်ချစွာ ခင်ဗျား၊ ကျွန်တော်၊ ဗျာ၊ ဟုတ်ကဲ့ တွေ လှိုင်လှိုင်သုံးတတ်လို့ပဲလားတော့ မခွဲခြားနိုင်ပါ။ သူရရှိတဲ့ဝန်ဆောင်မှုတွေက သူပေးခဲ့တဲ့တန်ဘိုးငွေနဲ့လည်း မတန်ပါ။ သူ့စေတနာနဲ့လည်း ပိုလို့ပင် မတန်တော့ပါ။

" မင်းမှာ ကူးစက်ရောဂါပိုး ရှိလို့လား " . . သူက မေးပါတယ်။
" ဘာရောဂါလဲ . . . မရှိပါဘူး "
" အေးပါ ၊ ငါသိပါတယ် ၊ ဒါပေမယ့် ဟိုကကောင်တွေက မယုံကြဘူးကွ ၊ ဒီမှာပဲ ဆက်ကျန်နေခဲ့တဲ့လူတွေဟာ ခပ်ညံ့ညံ့မဟုတ်ရင် ရောဂါပိုးရှိတဲ့လူတွေပဲလို့ သူတို့ကထင်နေတာ "
ကျွန်တော်လည်း သူ့ကို ပြုံးမပြနိုင်တော့ပါ။

x x x x x x x

. . . . . ဖတ်ဘူး ကြားဘူးခဲ့တဲ့ ဟာသပုံပြင်လေးက ပြီးသွားပေမယ့် ကျွန်တော့်အိပ်မက်က မပြီးဘူးဖြစ်နေပါတယ်။
" ဒါဖြင့် .. ကျွန်တော်တို့ကိုက သိပ်ကံဆိုးလို့ ဒီလိုနွားချေးပုံကြီးထဲမှာ ချေးထိုးပိုးကောင်အဖြစ် မွေးဖွားလာတာပေါ့ . . . ဟုတ်လား အဖေ "
" ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ သားရယ်။ ငါတို့ဟာ အင်းဆက်တွေထဲမှာ အသန်မာဆုံးမျိုးနွယ်ဖြစ်တယ်ကွ။ တို့အမျိုးထဲက တချို့ဟာ နွားချေးပုံကထွက်ပြီး ပြင်ပလောကထဲရောက်တာနဲ့ အရောင်အသွေးစုံပြီး သိပ်လှပတဲ့အကောင်ကြီးတွေ ဖြစ်လာကြတယ်။ သန်မာလိုက်တာလဲ မပြောနဲ့တော့။ ကိုယ့်မျိုးနွယ်ကို တန်ဘိုးထားတတ်ဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ပဲ လိုတာပါကွာ "
. . . . . ချေးထိုးပိုးအဖေကြီးက ပြင်ပလောကကို ငေးကြည့်နေတယ်။
. . . . . သားချေးထိုးပိုးလေးက အဖေချေးထိုးပိုးကြီးကို အားကျဂုဏ်ယူစွာ ငေးကြည့်နေပါရဲ့။

. . . . . အိပ်မက်ကမနိုးခင် အိပ်ချင်မူးတူးမှာ ကျွန်တော်ဟာ ချေးထိုးပိုးကောင်တွေသံပြိုင်ဆိုလိုက်တဲ့ ကမ္ဘာမကြေသီချင်းသံကို ကြားနေရပါသေးတယ်။


(ယက္ခ) ရဲကြီး ။ ၁၄ .၁၁ .၁၃ ။ ( The Voice Daily _ 25.11.13 )
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage
https://www.facebook.com/yekkha.yejee

No comments:

Post a Comment