Tuesday, January 14, 2014

" မောင်ဖိုးချို နှင့် ကားမှန်တံခါးများ "


" မောင်ဖိုးချို နှင့် ကားမှန်တံခါးများ "             ( The Voice Daily _ 13.12.13 )

. . . . . မောင်ဖိုးချို ကားရောဂါထနေသည်မှာ အတန်ပင်ကြာခဲ့ပေပြီ။ ရောဂါကား လျော့မသွားသည့်အပြင် နာရီကိုလိုက်၍ လှိုက်လှဲရင့်သန်လျက်ရှိတော့သည်။ကားဈေးများကလည်း မောင်ဖိုးချိုစိတ်ကူးယဉ် ကောင်းစေကြောင်း မြှူဆွယ်လျက်ရှိကြပေဧ။်။ တမြန်နေ့ကပင် တစ်အိမ်ကျော်မှ ဦးစိုင်းဖြိုးတစ်ယောက် စက်ရုပ်ခေါင်းကြီး ၀ယ်လာကြောင်းကြားရသည်နှင့် မောင်ဖိုးချို ထိုအိမ်တွင် သောင်တင်တော့သည်။ ထမင်းပင် လိုက်ပို့ရသောဟူဧ။်။ ဦးစိုင်းဖြိုးဇနီးကလည်း ထမင်းကျွေးရှာပါသည်။ မောင်ဖိုးချိုကမူ စက်ရုပ်ခေါင်းကြီးနားမှ မခွာချေ။ စုတ်တသပ်သပ်လုပ်ရင်း ကားကိုကျောသပ်လျက် အချိန်ကုန်လေဧ။်။ ညရောက်သော် အိပ်မက်ထဲတွင်မှန်ကြည့်မိရာ မောင်ဖိုးချိုခန္စာနှင့် စက်ရုပ်ခေါင်း ဖြစ်နေတော့သတည်း။

. . . . . ဦးစိုင်းဖြိုးကား အတော်ပင် ကံကောင်းသူဖြစ်လေသည်။ သူကားဝယ်ပြီး နှစ်ရက်မျှအကြာတွင် လမ်းထိပ်မှ တရုတ်ကြီးတာကောက ဘယ်လတာ လိုက်သောကြောင့်ပင်။ မောင်ဖိုးချိုဝဋ်ကို ကျွတ်ချေပြီတကား။

. . . . . ဦးတာကောဧ။်အလှည့် ဖြစ်ချေပြီ။ မောင်ဖိုးချိုသည် "ဘယ်လတာ . . ဘယ်လတာ" ဟု အသံပြုရင်း ခြံဝင်းတွင်းဝင်လာသည်မှာ ညအိပ်ချိန်သို့ တိုင်လေသတည်း။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ၊ မိုးလင်းသည်နှင့် ခြံတံခါးဝတွင် မောင်ဖိုးချိုဧ။်အခွက်ကို ရှုမြင်နေရတော့သည်။ . . " ဘယ်လတာကလေး မောင်းကြည့်စမ်းပါရစီ " . . ဆိုသော မောင်ဖိုးချိုဧ။်အသံကို နားမခံနိုင်အောင် ရှိလာတော့သည်။ ကားဝယ်လာပြီး သုံးရက်ကြာသော် ဆီ ရှစ်ဂါလံထည့်ပြီးသကာလ မောင်ဖိုးချိုစမ်းမောင်းသည်မှာ ၁၅ ခါ ၊ မိမိမှာ ဖင်ပူအောင်ပင်ထိုင်ခွင့်မရနိုင်ပဲရှိလေရကား တရုတ်ကြီးလည်း အီးတုံးပွမ်လာလေတော့သည်။

. . . . . ကြာကြာထားက ကားဖိုးထက်ကြီးသောနှုန်းဖြင့် ဆေးကုပေးရကိန်းကို မြင်မိသော မောင်ဖိုးချိုဧ။်မိခင်က ကယ်တင်မှသာ တရုတ်ကြီးဝဋ်ကျွတ်ရရှာဧ။်။ မောင်ဖိုးချိုအား ကားတစ်စီးဝယ်ပေးရန် ဆုံဖြတ်ချက်ချပေးလိုက်ရခြင်းပင်။

. . . . . မောင်ဖိုးချို ထီပေါက်ချေပြီ။ အိပ်မက်ထဲတွင် 'ကားနတ်သားကြီး' ဖြစ်လေတော့သည်။ ဘယ်တွင် ငါးရာ ၊ ညာတွင် ငါးရာ . . 'ကားနတ်သမီး'ကလေးများနှင့် ဖြစ်လေဧ။်။ 'ဒယ်မီယို'ကလေးက လှုပ်လီလှုပ်လဲ့နှင့် လျှောက်ပြရာ နောက်မှ စိုက်စိုက်လိုက်မည်ပြင်စဉ် 'ရွှေငါး'နှင့် 'ဖဲလေဒီးဇ်' တို့က ၀ိုင်းဆွဲသဖြင့် စိတ်လျှော့လိုက်ရရှာသည်။ 'မီနီ'ကလေးက မျက်စိတစ်ဖက်မှိတ်ပြပြန်ရာ ရှေ့မီးကြီးလဲရဦးမည်ဟု သဘောပိုက်မိရှာသတည်း။

. . . . . ရက်သတ္တတစ်ပတ်ခန့်ကြာပြီးသော် မောင်ဖိုးချိုအား 'ဟွန်ဒါဖစ်'ကလေးပေါ်တွင် တွေ့ကြရတော့သည်။ အကွီ ၊ စံလင်း စသော အရပ်ထဲမှ ဂန်ဘားများကား လက်ဘက်ရည်သောက်ချင်လာသည်နှင့် မောင်ဖိုးချိုထံပြေးကြတော့သည်။ ကားအားလက်ညှိုးထိုးပြီး " ဖစ်ကလေး ၊ ဖစ်ကလေး " ဟု နှစ်ခွန်းမျှအော်လျှင် လက်ဘက်ရည်သောက်ခွင့် လုံလောက်ချေပြီ။ " သန့်လိုက်တဲ့ ကားကလေး ၊ စက်သံကလေးက ဘယ်ပုံ " ဆိုလျှင်ကား ဆေးလိပ်နှင့် မုန့်ပါ ပြည့်စုံသောဟူဧ။်။ မောင်ဖိုးချိုဧ။် 'ဟွန်ဒါဖစ်ဋီကာ'ကိုမူ နားမအူမီအထိ နာယူကြရရှာလေသည်။

. . . . . မောင်ဖိုးချိုသည် ကားမှန်တံခါးကိုမပိတ်ပဲ အစီးလေ့သည်။ အဲယားကွန်းလည်း မဖွင့်ပေ။
" ကားစီးနိုင်တာနဲ့ပဲ မှန်တံခါးကြီးပိတ်ပြီး ကြီးကြီးကျယ်ကျယ်လုပ်ရရောလား။ အရင်က လမ်းလျှောက်ခဲ့ ၊ ဆိုက္ကားစီးခဲ့ သူတွေပဲဟာ။ တခြားလူတွေနဲ့ တစ်သားတည်းပဲ နေမယ်။ သူတို့လဲ ပူမှာပဲ။ အရင်ကလည်း အပူထဲနေခဲ့တာပဲဟာ။ ခုမှ ကြီးကျယ်လို့တော့ မနေနိုင်ပေါင်။ တခြားလူတွေအသံများ နားထောင်စရာမဟုတ်သလို တံခါးကြီးပိတ်ပြီး မှန်ကြီးတင်ထားတဲ့လူတွေကို ကျွန်တော်သိပ်မုန်းတာပဲ "
သူ့ဖီလိုဆိုဖီနှင့်သူ ဖြစ်လေသည်။ မိုးကလည်းမရွာသဖြင့် စီးနင်းသူအပေါင်း မှန်ပိတ်ခွင့် မရကြရှာချေ။ အဲယားကွန်းနှင့်ကား ပိုဝေးတော့သည်။

" ပြင်ပလေကလေးကို ရှူရှိုက်ခွင့်ရတာ ကမှ .... ကမှ "
" ဗွတ် " မောင်ဖိုးချို စကားဆုံးအောင် ဆက်ခွင့်မရရှာပေ။ နံဘေးမှကားကြီးက ဒုန်းမောင်းသွားသဖြင့် လမ်းမပေါ်မှ ရွှံ့ဗွက်ရေတို့ အခွက်ကို တက်စင်ကုန်သောကြောင့်ပင်။
" ထွီ . . ထွီး "
" ဒါကြောင့်မို့ မှန်ပိတ်ပြီး အဲယားကွန်းကလေးနဲ့ မောင်းပါပြောတာပေါ့ " အချက်ကိုတွေ့သော သူဧ။်ကြီးဒေါ်ကား ဖုံးဖိမရသော နှစ်ထောင်းအားရသံကြီးနှင့်ပြောလေရာ မောင်ဖိုးချို ပို၍ကျွဲမြီးတိုလေတော့သည်။

" အာ . . မဟုတ်ပါဘူး ကြီးငယ်ရာ ၊ လူချင်းတူတူ အဆင့်အတန်းခွဲတာ ကျွန်တော်သဘောမကျပါဘူး။ မှန်ကို စတစ်ကာကပ်တဲ့သူတွေ ပိုဆိုးသေး . . . တစ်ရှူးလေးနည်းနည်းကမ်းစမ်းပါ ၊ ပွိုင့်မိတုန်း "

" အစ်ကို .. အသစ်တွေရမယ် ၊ မြန်မာ .. မြန်မာ ၊ ဒီနေ့မှထွက်တာ ၊ ငါးရာထဲ "
. . . . . မလုံ့တလုံထက်ပင်ကျော်လွန်သော အပြင်အဆင်နှင့် မော်ဒယ်မကလေးများဧ။်ပုံတင်ထားသော စီဒီခွေတစ်ထပ် မောင်ဖိုးချိုဧ။်မျက်စိရှေ့ရောက်လာလေသည်။ မောင်ဖိုးချို မျက်လုံးပြူးရချေပြီ။ နံဘေးမှကြီးဒေါ်အားလည်း မျက်နှာပူရဧ။်။ အခွေရောင်းဆရာကို ခပ်စူးစူးကြည့်လေရာ အနှီဆရာက မည်သို့အနက်ကောက်ယူသည် မသိရ ၊ အခွေတစ်ထပ်ကို ရှေ့ပြန်နောက်ပြန် ခေါင်းပန်းလှန်ပြလေဧ။်။ မျက်စပစ်ပြီး ခေါင်းညိတ်ပြသေးသော ဟူဧ။်။ အခက်ပေတကား။
" သွား .. သွား " ဟုဆိုပြီးသကာလ မောင်ဖိုးချိုသည် ကားမှန်တံခါးတင်ရန်ခလုတ်ကို လက်လှမ်းမိလေသည်။ ပြီးမှ မိမိစကားကို သတိရသည်နှင့် အောင့်သက်သက် လက်ကိုရုတ်ရရှာပေသည်။ အခွေဆရာကား မလှမ်းမကမ်းမှ မျက်စပစ်ပြ၍ကောင်းဆဲပင် ရှိသေးဧ။်။

. . . . . အတန်စိတ်ရှုပ်၍ စနောင့်စနင်းဖြစ်သွားသော မောင်ဖိုးချိုသည် မျက်နှာမှရွှံ့ရေတို့ကို ဖိ၍ ဖိ၍ သုတ်ဧ။်။
" ဘွမ် .. ဗွမ် .. ပွမ် .. တီ "
မီးစိမ်းချေပြီ။ ဂီယာသို့အလျင်အမြန် လက်လှမ်းသော်လည်း အထွက်ကနောက်ကျရချေပြီ။
" အိပ်ကောင်းနေတယ် .. ဟလား ၊ စည်းစိမ်ယူချင်ရင် အိမ်မှာယူ ၊ . . မအေပေး . . "
" ငါ _ _ _ ဖြစ်နေတာလားကွ "
ဘယ်ညာမှ ကျော်တက်လာသော ကားကြီးကားငယ်များမှ သြဘာသံများပေတည်း။

. . . . . မောင်ဖိုးချို စိတ်တိုမိချေပြီ။ နံဘေးမှကြီးဒေါ်ဖြစ်သူက "စိတ်လျှော့ ၊ စိတ်လျှော့" ဟု ပြောရှာဧ။်။
" လူတွေကိုက အဆင့်အတန်းနိမ့်ကြတာ ၊ သူတို့နဲ့ ဖက်ဖြစ်မနေနဲ့။ ဒါကြောင့် မှန်လေးပိတ်ပြီးမောင်းပါလို့ ဆိုတာပေါ့ " ဟု အားရသံကို မနိုင်ရင်ကန်ဖိနှိပ်ထားပုံရသော အာလုတ်သံကြီးနှင့် ဆိုလေသည်။

" တီ ... တီ "
စိတ်မရှည်နိုင်ပြီဖြစ်သော မောင်ဖိုးချိုမှာ ရှေ့မှပိတ်ရပ်ထားသော လက်တွန်းအမှိုက်လှည်းကို ဟွန်းသံပေးတော့သည်။
" ဘာလဲကွ ၊ ဒီမှာ အလုပ်လုပ်နေတာ မမြင်ဘူးလား။ မင်းအမေလင်ထင်လို့ တီးနေတာလား။ သတ္တိသိပ်ကောင်းရင် ၀င်အောင်းသွားလိုက် "
" တောက် " . . . မောင်ဖိုးချို ဒေါပွချေပြီ။ ကြီးဒေါ်ဖြစ်သူလည်း အာလုတ်သံနှင့်မပြောဝံ့တော့ပဲ ငြိမ်ငြိမ်ပင်နေရရှာတော့သည်။ လောကကြီးကား နေ၍မကောင်းတော့ပေ။

. . . . . ဟွန်ဒါဖစ်ကလေးမှာ အရှိန်ပြင်းပြင်းဖြင့် ပြေးရလေတော့သည်။ ကျွဲမြီးတိုနေသော မောင်ဖိုးချိုဧ။်မျက်နှာကား စူပုပ်လျက်ပင်။
" ဗျစ် "
" ဟာာ "
နံဘေး ဘတ်စ်ကားကြီးထံမှ ထွက်ကျလာသော ကွမ်းတံတွေးသည် မောင်ဖိုးချိုဧ။်အင်္ကျီပေါ်တွင် ယခင်ရွှံ့ရေအကပ်အသပ်လေးများနှင့် ရော၍ စွဲလေသတည်း။
" စောဒီး "
ဘတ်စ်ကားပြတင်းမှခရီးသည်ကား မချိုမချဉ်မျက်နှာထားကိုဆောင်လျက် တောင်းပန်သယောင်ပြုလေရာ မောင်ဖိုးချိုဧ။် တင်းမာသောအခွက်ကို မြင်သည်နှင့် ဘုကြည့်ပြန်ကြည့်ပြီးသကာလ တဘက်သို့လှည့်လေသည်။
" ကျွီ "
" ဟဲ့ .. ဟဲ့ .. ဘာ . ဘာလုပ်မလို့တုန်း "
မောင်ဖိုးချိုကား စကားမဆိုချေ။ ဘယ်ညာ မှန်တံခါးများကို စက်ခလုတ်နှင့် မတင်ရသည်မှာ အလွန်နှေးဘိသည့်အလား အံကိုကြိတ် အားကိုစိုက်၍ နှိပ်ကာ ပိတ်လေတော့သည်။
" မှန်ပိတ်မလို့ "

. . . . . ကြီးဒေါ်သည် တဘက်သို့မျက်နှာလွှဲလျက်က မိန့်မိန့်ကြီး ပြုံးသောဟူဧ။်။ အပြုံးလွန်၍ သီးပေရာ အာလုတ်သံကြီးနှင့်ချောင်းဆိုးရရှာတော့သည်။ မှန်များက လုံနေပြီဖြစ်ရာ " အဟုမ်း . . အဟုမ်း " ဟု မြည်လေသတည်း။ ။

(ယက္ခ) ရဲကြီး ။ ( The Voice Daily _ 13.12.13 )
၁၀.၁၁.၁၃ မှ ၂၁.၁၁.၁၃ ထိ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

No comments:

Post a Comment