Tuesday, January 14, 2014

" လျှောက်မယ့်လမ်း ၊ လှမ်းမယ့် ပန်းတိုင် "

" လျှောက်မယ့်လမ်း ၊ လှမ်းမယ့် ပန်းတိုင် "           ( The Voice Daily _ 6.12.13 )


. . . . . ကျွန်တော်တို့အားလုံး အားထားခဲ့ကြတဲ့ ၊ အားထားနေဆဲပဲဖြစ်တဲ့ ပါတီကြီးအကြောင်း စိတ်လက်မချမ်းသာစွာနဲ့ပဲ ရေးရပါတော့တယ်။ စာရေးသူရဲ့စိတ်ရင်းခံကို နားလည်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဟုတ်ပါတယ် . . NLD ပါတီပါပဲ။

. . . . . ကျွန်တော်တို့မှာ ပါတီစွဲ မရှိပါ။ လူတိုင်းလို ရှိကြပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်စွဲကိုလည်း တတ်နိုင်သလောက်ကြိုးစားဖျောက်ကြရမှာပါ။ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့တိုင်းပြည်ထဲက ပါတီအားလုံး ကျွန်တော်တို့ပါတီချည်းပါပဲ။ အားလုံးကို အားကိုးချင်မိသူများပါ။ အားလုံးကို အထင်ကြီးလေးစားစိတ်နဲ့ မျှော်လင့်မိချင်သူများပါ။ လူကြီးလူကောင်းပီသစွာနဲ့ ကျွန်တော်တို့အကျိုး သယ်ပိုးထမ်းရွက်ခွင့်ကို တန်းတူကစားကွင်းထဲမယ် သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြတာကို လက်ခုပ်တီးချင်သူများပါ။

. . . . . ကျွန်တော်တို့ကို ဖေးမကူညီမှာလား ၊ ၀ါးကူထိုးပြီး နှစ်ကြမှာလား လို့ တွေးမိတဲ့အကြိမ်ရေတွေများလာတဲ့အခါ ဒီလိုစာမျိုးကို ရေးဖြစ်စေပါတော့တယ်။ ကျွန်တော်တို့တစ်တွေ သိပ်မျှော်လင့်ခဲ့ကြတာမဟုတ်လား။ သိပ်မျှော်လင့်နေဆဲပဲ မဟုတ်လားဗျာ။

. . . . . အောက်ခြေမှာ သိသိသာသာ ဆိုးရွားပျက်ယွင်းလာနေပါတယ်။ အပေါ်ဆင့်တွေအကြောင်း သိပ်မသိသလို ၊ ကျွန်တော်တို့နဲ့လည်း သိပ်ထိတွေ့စရာမရှိလို့ မပြောတတ်ပါ။ ကျွန်တော်တို့နဲ့ ထိတွေ့နေရတာကတော့ အောက်ခြေပါတီဝင်များ (functioning units) သာဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့ ၊ ဟုတ်ခွင့်မရကြတဲ့ တိုင်းသူပြည်သားများလူသာမာန်များ ဖြစ်ကြကြောင်းပါ။

. . . . . အရပ်ထဲမှာ နဂိုထဲက ရှောင်ကြဉ်ကြရပါတဲ့ နယ်ခံလူမိုက်များမှာ ခုအခါ ပါတီလက်ပတ်များနဲ့ ပိုလို့ ပနာစား တောက်ကြွားနေကြပါရော ခင်ဗျာ။ ဘာပွဲ ညာပွဲ ၊ အသံချဲ့စက်သံများ စီခနဲစတာနဲ့ အင်္ကျီမပါ ကိုယ်ဗလာဆရာသမားများက ခွပ်ဒေါင်းလက်ပတ် ဘယ်ညာပတ်လို့ တွင်ကျယ်လှကြပါပေ ခင်ဗျာ။ အရက်နံ့ ထောင်းထောင်းထလို့ ၊ ပုဆိုးစလွယ် သိုင်းသူသိုင်း ၊ ၀ါလည်းရ ဆရာလည်းကျ သူများကတော့ ပုလင်းကိုနောက်ကျောမှာ ခပ်ပြောင်ပြောင်ထိုးလို့။ အုပ်ချုပ်ရေးမှူးဆိုသူများလည်း စကားတင်းတင်းဆိုရဲကြပုံ မပေါ်ပါ။ သူတို့က ခွပ်ဒေါင်းခေါင်းစီး ကိုယ်စီနဲ့ဟာကိုး ခင်ဗျ။

. . . . . ကျွန်တော်တို့ နှလုံးသားထဲအထိစွဲခဲ့ရတဲ့ အနီရောင် ခွပ်ဒေါင်းပုံ ပိတ်စကလေးတွေဟာ အခုအခါ ကြောက်ရွံ့မသတီစရာ ပိတ်စကလေးတွေအဖြစ် တဖြည်းဖြည်းပုံစံပြောင်းလာသလိုမျိုး ခံစားရတာကို အလွန်ပဲဝမ်းနည်းမိပါတယ်။

. . . . . ကားတစ်စီးလုံး အနီရောင်ပိတ်စတွေနဲ့ ၊ ကိုယ်တုံးလုံးခေါင်းစည်းလက်ပတ် ဆရာသမားများနဲ့ ၊ အသံချဲ့စက်က ပါတီသီချင်းသံနဲ့ "အမေစု . . အန်အယ်လ်ဒီ" အော်ဟစ်သွားကြတဲ့ အရက်နံ့လှိုင်လှိုင် ဒိုင်နာကားတွေလည်း ပိုပိုတွေ့လာရပါတယ်။ သူတို့သွားမယ့်လမ်းကို ပိတ်တယ်ထင်လို့နဲ့တူပါရဲ့ ၊ ဆဲဆိုသွားတတ်ကြပါသေးတယ်။ ဘယ်သူတွေက ကျွန်တော်တို့ကို ကူညီကြမှာလဲ။ ဘယ်သူတွေကို ကျွန်တော်တို့မျှော်လင့်ရမှာလဲ။

. . . . . " ဘယ်သူလဲ ၊ နာမည်ပြော ၊ ဘာကိစ္စလဲ ၊ ဘယ်ကလဲ " . . ကျွန်တော်တို့အားလုံး သိပ်မုန်းတီးစက်ဆုပ်ခဲ့ကြတဲ့ အာဏာရှင်ခေါင်းစည်းအောက်က လေယူလေသိမ်း တင်မကတဲ့ မျက်နှာပေး ၊ မျက်လုံးအကြည့် များနဲ့ ငယ်ရွယ်နုပျိုတဲ့ ပါတီဝင်လူငယ် အပေါက်စောင့်လေးပါ။ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီ ပေးဆပ်ခဲ့တဲ့ သူ့ဦးကြီး ၊ ဘကြီးအရွယ် စီနီယာကို ဆက်ဆံပုံပါ။ ငယ်ရွယ်သူဘာသာဘာဝ အပေါက်စောင့်ခွင့်ရတဲ့ ခဏမှာ တစ်စုံတစ်ရာကို ယစ်မူးသွားတာများလား။ တံခါးပေါက်ထက်ကြီးကျယ်တာတွေကို စောင့်ရှောက်ခွင့်ရတဲ့ တစ်နေ့မှာဆိုရင်ရော။

. . . . . ကျွန်တော်တို့ သိရှိထိတွေ့ခွင့်ရတဲ့ အောက်ခြေ ပါတီဝင်များက ဒီလိုတွေပါ။ ရှေ့ဖြတ်လျှောက်ရင် ခေါင်းငုံ့ပေတော့လို့ ခံစားရစေတာတော့ အမှန်ပါ။ "ပါတီကြီးကို ဘယ်နေ့မှာ ဘယ်သူတွေက စတည်ထောင်ခဲ့တာလဲ" ဆိုတဲ့ မေးခွန်းမျိုးလောက်ကိုတောင် မဖြေတတ်တဲ့ အထက်ကတံခါးမှူးလေးလိုလူတွေပဲ အတွေ့ရများပါတယ်။ အသိပညာဝမ်းစာဟောင်းလောင်းနဲ့ ခေါင်းတွေထဲက သေးနုပ်တဲ့အတွေးအယူတွေအတွက် တာဝန်ရှိမှာက ဘယ်သူတွေများလဲ ခင်ဗျာ။

. . . . . ကား ၊ ဆိုင်ကယ်နဲ့ မထိမိဘဲနဲ့ ပစ်လှဲ ငိုပြတတ်တဲ့သူတွေရှိတာ သိကြပါလိမ့်မယ်။ အများသိနေကြတဲ့ ငွေညှစ်ရန်အားထုတ်မှုများမှ ငွေညှစ်သူအကျင့်ပျက်ဆင်းရဲသားများအတွက် ရှေ့ကအဆင်သင့်ဆိုသလို ရုံးပြင် စခန်း တက်ကြွစွာပါဝင်ဆောင်ရွက်ပေးကြရှာတဲ့ ပါတီဝင်တွေလည်း အားရစဖွယ်တွေ့ကြရပါတယ်။ ခေတ်သစ်ရော်ဘင်ဟုများ ပုံဖော်ကြလေသလား။ ကား ၊ ဆိုင်ကယ် စီးနိုင်တဲ့ ဖောက်ပြန်သောလူတန်းစားတွေကို နှိပ်ကွပ်ဖို့ပဲလား။ နဂိုအခံ မစ္ဆရိယအချဉ်ဓါတ်ကလေးတွေ စုဆောင်းဖော်ထုတ်ပွဲပဲလား။ ဓမ္မ ၊ အဓမ္မ မခွဲခြားနိုင်လောက်တဲ့ ညဏ်ပညာနုံနဲ့မှုပေလား။ ကာယကံရှင်များကိုယ်တိုင်ရော ခွဲခြားနိုင်ကြပါရဲ့လား မသိပါ ခင်ဗျာ။

. . . . . ဆင်းရဲသူ / အားနည်းသူ ဘက်က ရပ်တည်မှာလား။ မှန်တဲ့သူ ဘက်ကရပ်တည်ကြမှာလား။ အကျိုးကျေးဇူးတစ်စုံတစ်ရာကြောင့် ရပ်တည်ကြတာရော ဖြစ်နေမလားခင်ဗျာ။

. . . . . အားလုံးဆိုးနေကြတာ မဟုတ်မှန်းကျွန်တော်တို့ သိပါတယ်။ တခြားပါတီများနဲ့ ယှဉ်ရင် လူကောင်းတွေလည်း ပိုများပါတယ်လို့ ပြောရင်လည်း ကျွန်တော်တို့ မငြင်းလိုပါ။ ပါတီဥက္ကဌကြီးရဲ့ စကားကိုပဲ သိပ်ကြိုက်လို့ ပြန်ပြောပါရစေ။ "နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိတယ်ဆိုရင်ပဲ များလှပါပြီ" . . ဆိုတဲ့အတိုင်းပါပဲ။ " ပြည်သူကို ညှဉ်းဆဲကလူပြုမယ့် ပါတီဝင်တစ်ဦးရှိတယ် ဆိုရင်ပဲ ကျွန်တော်တို့အတွက်တော့ များလှပါပြီ " လို့ ဆိုချင်ပါတယ်။

. . . . . ကျွန်တော်တို့ကို ညှဉ်းဆဲကလူပြုတတ်တဲ့သူတွေရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်လို့ ကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ရတဲ့ အမှတ်တံဆိပ်ကြီးပါ။ အားလုံးအားထားကြရတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ် ၊ ခေါင်းဆောင်ပုဂ္ဂိုလ်များ မရှိတော့တဲ့အခါ "ကျားထက်ဆိုးတဲ့ ရှင်ကြီး" လည်း ဖြစ်မသွားစေလိုပါ။ ကျွန်တော်တို့နဲ့ အလှမ်းကွာဝေးပါတဲ့ အထက်ပိုင်းလွှာမှ တာဝန်ရှိသူကြီးများက ကျွန်တော်တို့ကို ပြန်ကြည့်ပေးကြပါ။ ကျွန်တော်တို့ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့ ၊ ဟုတ်ခွင့်မရကြတဲ့ တိုင်းသူပြည်သားများလူသာမာန်များ ဖြစ်ကြကြောင်းပါ။

. . . . . အရာရာတိုင်း ရွေ့နေပြီဖြစ်တဲ့ ဒီနေ့မှာ ပါတီကြီးဟာလည်း အရွေ့တစ်ခုထဲမှာ စီးမျောနေမှာအမှန်ပါ။ ဒါကြောင့်မို့ တစ်နေ့တစ်ချိန်မှာ 'ရောက်' သွားမှာလည်း အမှန်ပါပဲ။ 'ဘယ်ကိုလဲ' ဆိုရင်တော့ သူရွေးချယ်ခဲ့တဲ့လမ်းပေါ်က သူလှမ်းနေတဲ့ ပန်းတိုင်ဆီကိုသာ ဖြစ်ပါလိမ့်မယ် ခင်ဗျား။


(ယက္ခ) ရဲကြီး ။ ၄. ၁၂. ၁၃ ။ ( The Voice Daily _ 6.12.13 )
https://www.facebook.com/yekkha.yejee
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage
 

No comments:

Post a Comment