Tuesday, January 14, 2014

" လ က ေ လ း ရဲ ႔ ၿမိဳ ႔ _ ၂ "

" လ က ေ လ း ရဲ ႔ ၿမိဳ ႔ _ ၂ "


အ စ် ကိုေ ပြာ ဖူး တဲ့ လ ကေ လး ရဲ့  မြို့ မှာ
က္ဈ န်ေ တာ်ေ န ထို င် တ ယ် ။

ရ င် ခု န် သံ တူ သူေ တွ စု စ ည်း ထား တဲ့ မြို့  ကေ လး မှာ
တ ခါ တ ခါ လ ည်း လ ကေ လး သာ တ ယ် ။

ဘ ဝေ တွ ကို ရ ယ် ရ ယ် ေ မာ ေ မာ ဖြ တ် သ န်း ကြ
အိ ပ် မ က် ေ တြ ေ ပါ က္ ေ ရာ က္ ဖြံ ႔ ထြာ း ၾက
လ က ေ လ း က တ ခါ တ ခါ သာ တ ယ် ။

က္ဈ န်ေ တာ် တို့  ရဲ့  အိ ပ် ယာ ဝ င် ဒ ဏ္ဍာ ရီ ထဲ က
သူ ရဲ ေ ကာ င္ း ေ တြ လဲ ေ န ထို င် တ ယ် ။
အာ း က် ေ င း ေ မာ ရ တဲ့ လ က် ရုံး ရ ည်ေ တွ လဲ
ခ င်း ကျ င်း ပြ သ ထား တ ယ် ။
လ ကေ လး က တ ခါ တ ခါ သူ တို့  ကို လာ ကြ ည့် တ ယ် ။

အ လွ ဆုံ း အ မ်ဳ ိး သ မီ း ေ လး ေ တြ ရွိ တ ယ္
အ လွ ဆုံ း အ မ်ဳ ိး သ မီ း ႀကီ း ေ တြ လဲ ရွိ တာ ပါ ပဲ
ချ စ် ခြ င်း ရဲ့  စံ န မူ နာ ပြ ဇာ တ်ေ တွ လဲ ည တို င်း က ပြ ရ
က္ဈ န်ေ တာ် တို့  က မ ရိုး နို င် ။

အဲ ဒီ မှာ မို င်ေ ထာ င် ချီ ကွာေ ဝး တဲ့ ေ ဒ သ ေ တြ အ တူ တ ကြ တ ည် ရှိ တယ်
ဆ န့် ကျ င် ဘ က်ေ ကျာ ခို င်း တဲ့ သ ေ ဘာ တ ရာ း ေ တြ ကို လ ည်း လ က် တွဲ တ ည်ေ ဆာ က် ကြ တ ယ်
က္ဈ န်ေ တာ် တို့ က လ သာ ရ င်ေ ပျာ် တယ် ။

အ ချိ န်ေ တွ စ က် ဝို င်း တ စ် ပ တ် ပြ ည့် ပြီ ဆို ရ င် ကျွ န်ေ တာ် တို့ မြို့  ရဲ့ 
သူ ရဲေ ကာ င်းေ တွ ကို အ လေး ပြု ကြ တ ယ်
အဲ ဒီ အ ခါ အ ဝါေ ရာ င် ရ င့် ရ င့် ေ တး သံ ဟာ ၿမိဳ ႔ေ လး မွာ လြ င့္ ပ်ံ ေ န
တ တ် တ ယ်
အ ဝါေ ရာ င် ထဲ မှာ ပဲ ကျွ န်ေ တာ် တို့ အေ တာ င် ေ တြ ေ ပါ က္ ခဲ့ ၾက
လ က ေ လး က အ ဝါ ေ ရာ င္ ေ တြ ကို ေ ပး တ ယ္ ။

ၿမိဳ ႔က ေ လး မွာ နာ မ ည္ ေ တြ နဲ ႔ေ ရး ထို း တ ည္ ေ ဆာ က် ထား တဲ့ လ မ်း မ
ကျ ယ် ကြီးေ တွ ရှိ တ ယ်
( လ မ်းေ လျှာ က် ထွ က် တဲ့ အ ခါ ) ဘိုး ေ ဘး ေ တြ ရဲ ႔နာ မည္ ေ တြ ေ ပၚ ကို
ဖ ဝါး ခ် ရ တာ ေ က်ာ ခ် မ်း စ ရာ
ကျွ န်ေ တာ် တို့ ဟာေ ခြ ဖ ဝါးေ တွ ကြီး သ ထ က် ကြီးေ အာ င် သ င် ယူ ရ
ဦး မှာ ။

အဲ ဒီ မှာ ချ စ် ခြ င်းေ မ တ္တာ နဲ့ တ ည်ေ ဆာ က် ထား တဲ့ ဝ တ်ေ ကျာ င်း
ေ တြ ရွိ တ ယ္ . . . ၿပီ း ေ တာ့
ရဲ စွ မ်း သ တ္တိ နဲ့ တ ည်ေ ဆာ က် ထား ခဲ့ တဲ့ အ နီ ရဲ ရဲ မြို့  ရိုးေ တွ ရှိ တယ်
မျ က် ရ ည် နဲ့ တ ည်ေ ဆာ က် ခဲ့ ရ တဲ့ ဂူ သ ချုင်္ိ င်းေ တွ လဲ ရှိ ပါ တ ယ် ။

အေ မှာ င် ဆုံး ဆို တဲ့ လ ကွ ယ် ညေ တွ မှာ
ကျွ န်ေ တာ် တို့ ရဲ့  နှ လုံး သားေ တွ တ စ် ခု နဲ့ တ စ် ခု သွ ယ် ဆ က် တဲ့ အ ခါ
အ လှ ပ ဆုံး မီး ရှုး တို င် ေ တြ ေ ကာ င်း က င် မှာေ ပါ က် ကွဲေ ပါ် လာ ကြ
မ ယ် ။

လ က ေ လး ရဲ ႔ ေ အာ က် တ ည့် တ ည့် မှာ
ကျွ န်ေ တာ် တို့  ရဲ့  ညာ လ က်ေ တွ သ န် မာ လာ လိ မ့် မ ယ် ။

အေ တာ င် စုံ ရ င် ပျံ ရ မ ယ်
ဟိုး အ ထ က် ရဲ့  ဟိုး အ ထ က် ထိ
ေ ရႊ အို ေ ရာ င္ ေ တြ ဆီ ေ ရာ က် တဲ့ ထိ
အဲ ဒီ မှာ ကို ယ့် ကို ကို ယ်ေ ရွှ ရ ည် လူး ပြီး ရ င် . . ဘ ဝ မှာ အ ထူး တ လည်
ဆို တာ ဘာ ေ တြ ရွိ ဦ း မွာ လဲ ။

လ က ေ လး မွာ က်ြ န္ ေ တာ် တို့  ဆုံ ကြ တ ယ် ။ ။


( ယ က္ခ ) ရဲ ကြီး / ( ကိုရဲ ဆေး-၂ )
2 to 22.12.06
https://www.facebook.com/yekkha.yejee
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage
 

" မောင်ညိုနဲ့ ဖားပြုပ်ကြီး "

" မောင်ညိုနဲ့ ဖားပြုပ်ကြီး "

ဂုံဂွမ် ဂုံဂွမ် ဖားပြုပ်ကြီး
လယ်နီး ယာနီး အော်သံဆူ
လူရယ် သူရယ် သူမကြောက်
နေတော့ ကျောက်ဖျာအောက်။

နွားကျောင်းသားလေး မောင်ငညို
သူ့နွားပျောက်လို့ အော်အော်ငို
အဖေဆိုလို့ မျက်ရည်ကျ
အိမ်ကထွက်လို့ မှိုင်တွေချ
လယ်ကန်သင်းယာဝ။

လယ်ကြိုယာကြား သူလျှောက်သွား
ဖားပြုပ်ကြီးက သနားလာ
အနားလာလို့ သူချော့မော့
'မောင်ညို စိတ်ကိုလျှော့' ။

မောင်ညိုပျောက်တဲ့ နွားတစ်ရှဉ်း
ဖားပြုပ်ကြီးနဲ့ သူငယ်ချင်း
အော်ရင်းခေါ်ရင်း နွားကူရှာ
ယာတောစပ်မှာ ပြန်ရှာတွေ့
မောင်ညို သဘောခွေ့။

အလည်လွန်တဲ့ နွားတွေနော်
အဖေ ကြိမ်နဲ့ဆော်
ဘူး ဘဲ အော်ပြီး ထွက်ကာပြေး
ဖားပြုပ်ကြီးနဲ့ မောင်ညိုငေး
လက်ခုပ်လက်ဝါး တီးတယ်လေး
ဝေး လေ လေး ဝေး လေ လေး ။ ။

ကိုရဲ(ဆေး_၂) / (ယက္ခ)ရဲကြီး ။ ၁၀.၁.၀၈ ။
ပန်တော်ဝင် ကလေးမဂ္ဂဇင်း ၊ ၂၀၀၈ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
 

" မောင်ဖိုးချို နှင့် ကားမှန်တံခါးများ "


" မောင်ဖိုးချို နှင့် ကားမှန်တံခါးများ "             ( The Voice Daily _ 13.12.13 )

. . . . . မောင်ဖိုးချို ကားရောဂါထနေသည်မှာ အတန်ပင်ကြာခဲ့ပေပြီ။ ရောဂါကား လျော့မသွားသည့်အပြင် နာရီကိုလိုက်၍ လှိုက်လှဲရင့်သန်လျက်ရှိတော့သည်။ကားဈေးများကလည်း မောင်ဖိုးချိုစိတ်ကူးယဉ် ကောင်းစေကြောင်း မြှူဆွယ်လျက်ရှိကြပေဧ။်။ တမြန်နေ့ကပင် တစ်အိမ်ကျော်မှ ဦးစိုင်းဖြိုးတစ်ယောက် စက်ရုပ်ခေါင်းကြီး ၀ယ်လာကြောင်းကြားရသည်နှင့် မောင်ဖိုးချို ထိုအိမ်တွင် သောင်တင်တော့သည်။ ထမင်းပင် လိုက်ပို့ရသောဟူဧ။်။ ဦးစိုင်းဖြိုးဇနီးကလည်း ထမင်းကျွေးရှာပါသည်။ မောင်ဖိုးချိုကမူ စက်ရုပ်ခေါင်းကြီးနားမှ မခွာချေ။ စုတ်တသပ်သပ်လုပ်ရင်း ကားကိုကျောသပ်လျက် အချိန်ကုန်လေဧ။်။ ညရောက်သော် အိပ်မက်ထဲတွင်မှန်ကြည့်မိရာ မောင်ဖိုးချိုခန္စာနှင့် စက်ရုပ်ခေါင်း ဖြစ်နေတော့သတည်း။

. . . . . ဦးစိုင်းဖြိုးကား အတော်ပင် ကံကောင်းသူဖြစ်လေသည်။ သူကားဝယ်ပြီး နှစ်ရက်မျှအကြာတွင် လမ်းထိပ်မှ တရုတ်ကြီးတာကောက ဘယ်လတာ လိုက်သောကြောင့်ပင်။ မောင်ဖိုးချိုဝဋ်ကို ကျွတ်ချေပြီတကား။

. . . . . ဦးတာကောဧ။်အလှည့် ဖြစ်ချေပြီ။ မောင်ဖိုးချိုသည် "ဘယ်လတာ . . ဘယ်လတာ" ဟု အသံပြုရင်း ခြံဝင်းတွင်းဝင်လာသည်မှာ ညအိပ်ချိန်သို့ တိုင်လေသတည်း။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ၊ မိုးလင်းသည်နှင့် ခြံတံခါးဝတွင် မောင်ဖိုးချိုဧ။်အခွက်ကို ရှုမြင်နေရတော့သည်။ . . " ဘယ်လတာကလေး မောင်းကြည့်စမ်းပါရစီ " . . ဆိုသော မောင်ဖိုးချိုဧ။်အသံကို နားမခံနိုင်အောင် ရှိလာတော့သည်။ ကားဝယ်လာပြီး သုံးရက်ကြာသော် ဆီ ရှစ်ဂါလံထည့်ပြီးသကာလ မောင်ဖိုးချိုစမ်းမောင်းသည်မှာ ၁၅ ခါ ၊ မိမိမှာ ဖင်ပူအောင်ပင်ထိုင်ခွင့်မရနိုင်ပဲရှိလေရကား တရုတ်ကြီးလည်း အီးတုံးပွမ်လာလေတော့သည်။

. . . . . ကြာကြာထားက ကားဖိုးထက်ကြီးသောနှုန်းဖြင့် ဆေးကုပေးရကိန်းကို မြင်မိသော မောင်ဖိုးချိုဧ။်မိခင်က ကယ်တင်မှသာ တရုတ်ကြီးဝဋ်ကျွတ်ရရှာဧ။်။ မောင်ဖိုးချိုအား ကားတစ်စီးဝယ်ပေးရန် ဆုံဖြတ်ချက်ချပေးလိုက်ရခြင်းပင်။

. . . . . မောင်ဖိုးချို ထီပေါက်ချေပြီ။ အိပ်မက်ထဲတွင် 'ကားနတ်သားကြီး' ဖြစ်လေတော့သည်။ ဘယ်တွင် ငါးရာ ၊ ညာတွင် ငါးရာ . . 'ကားနတ်သမီး'ကလေးများနှင့် ဖြစ်လေဧ။်။ 'ဒယ်မီယို'ကလေးက လှုပ်လီလှုပ်လဲ့နှင့် လျှောက်ပြရာ နောက်မှ စိုက်စိုက်လိုက်မည်ပြင်စဉ် 'ရွှေငါး'နှင့် 'ဖဲလေဒီးဇ်' တို့က ၀ိုင်းဆွဲသဖြင့် စိတ်လျှော့လိုက်ရရှာသည်။ 'မီနီ'ကလေးက မျက်စိတစ်ဖက်မှိတ်ပြပြန်ရာ ရှေ့မီးကြီးလဲရဦးမည်ဟု သဘောပိုက်မိရှာသတည်း။

. . . . . ရက်သတ္တတစ်ပတ်ခန့်ကြာပြီးသော် မောင်ဖိုးချိုအား 'ဟွန်ဒါဖစ်'ကလေးပေါ်တွင် တွေ့ကြရတော့သည်။ အကွီ ၊ စံလင်း စသော အရပ်ထဲမှ ဂန်ဘားများကား လက်ဘက်ရည်သောက်ချင်လာသည်နှင့် မောင်ဖိုးချိုထံပြေးကြတော့သည်။ ကားအားလက်ညှိုးထိုးပြီး " ဖစ်ကလေး ၊ ဖစ်ကလေး " ဟု နှစ်ခွန်းမျှအော်လျှင် လက်ဘက်ရည်သောက်ခွင့် လုံလောက်ချေပြီ။ " သန့်လိုက်တဲ့ ကားကလေး ၊ စက်သံကလေးက ဘယ်ပုံ " ဆိုလျှင်ကား ဆေးလိပ်နှင့် မုန့်ပါ ပြည့်စုံသောဟူဧ။်။ မောင်ဖိုးချိုဧ။် 'ဟွန်ဒါဖစ်ဋီကာ'ကိုမူ နားမအူမီအထိ နာယူကြရရှာလေသည်။

. . . . . မောင်ဖိုးချိုသည် ကားမှန်တံခါးကိုမပိတ်ပဲ အစီးလေ့သည်။ အဲယားကွန်းလည်း မဖွင့်ပေ။
" ကားစီးနိုင်တာနဲ့ပဲ မှန်တံခါးကြီးပိတ်ပြီး ကြီးကြီးကျယ်ကျယ်လုပ်ရရောလား။ အရင်က လမ်းလျှောက်ခဲ့ ၊ ဆိုက္ကားစီးခဲ့ သူတွေပဲဟာ။ တခြားလူတွေနဲ့ တစ်သားတည်းပဲ နေမယ်။ သူတို့လဲ ပူမှာပဲ။ အရင်ကလည်း အပူထဲနေခဲ့တာပဲဟာ။ ခုမှ ကြီးကျယ်လို့တော့ မနေနိုင်ပေါင်။ တခြားလူတွေအသံများ နားထောင်စရာမဟုတ်သလို တံခါးကြီးပိတ်ပြီး မှန်ကြီးတင်ထားတဲ့လူတွေကို ကျွန်တော်သိပ်မုန်းတာပဲ "
သူ့ဖီလိုဆိုဖီနှင့်သူ ဖြစ်လေသည်။ မိုးကလည်းမရွာသဖြင့် စီးနင်းသူအပေါင်း မှန်ပိတ်ခွင့် မရကြရှာချေ။ အဲယားကွန်းနှင့်ကား ပိုဝေးတော့သည်။

" ပြင်ပလေကလေးကို ရှူရှိုက်ခွင့်ရတာ ကမှ .... ကမှ "
" ဗွတ် " မောင်ဖိုးချို စကားဆုံးအောင် ဆက်ခွင့်မရရှာပေ။ နံဘေးမှကားကြီးက ဒုန်းမောင်းသွားသဖြင့် လမ်းမပေါ်မှ ရွှံ့ဗွက်ရေတို့ အခွက်ကို တက်စင်ကုန်သောကြောင့်ပင်။
" ထွီ . . ထွီး "
" ဒါကြောင့်မို့ မှန်ပိတ်ပြီး အဲယားကွန်းကလေးနဲ့ မောင်းပါပြောတာပေါ့ " အချက်ကိုတွေ့သော သူဧ။်ကြီးဒေါ်ကား ဖုံးဖိမရသော နှစ်ထောင်းအားရသံကြီးနှင့်ပြောလေရာ မောင်ဖိုးချို ပို၍ကျွဲမြီးတိုလေတော့သည်။

" အာ . . မဟုတ်ပါဘူး ကြီးငယ်ရာ ၊ လူချင်းတူတူ အဆင့်အတန်းခွဲတာ ကျွန်တော်သဘောမကျပါဘူး။ မှန်ကို စတစ်ကာကပ်တဲ့သူတွေ ပိုဆိုးသေး . . . တစ်ရှူးလေးနည်းနည်းကမ်းစမ်းပါ ၊ ပွိုင့်မိတုန်း "

" အစ်ကို .. အသစ်တွေရမယ် ၊ မြန်မာ .. မြန်မာ ၊ ဒီနေ့မှထွက်တာ ၊ ငါးရာထဲ "
. . . . . မလုံ့တလုံထက်ပင်ကျော်လွန်သော အပြင်အဆင်နှင့် မော်ဒယ်မကလေးများဧ။်ပုံတင်ထားသော စီဒီခွေတစ်ထပ် မောင်ဖိုးချိုဧ။်မျက်စိရှေ့ရောက်လာလေသည်။ မောင်ဖိုးချို မျက်လုံးပြူးရချေပြီ။ နံဘေးမှကြီးဒေါ်အားလည်း မျက်နှာပူရဧ။်။ အခွေရောင်းဆရာကို ခပ်စူးစူးကြည့်လေရာ အနှီဆရာက မည်သို့အနက်ကောက်ယူသည် မသိရ ၊ အခွေတစ်ထပ်ကို ရှေ့ပြန်နောက်ပြန် ခေါင်းပန်းလှန်ပြလေဧ။်။ မျက်စပစ်ပြီး ခေါင်းညိတ်ပြသေးသော ဟူဧ။်။ အခက်ပေတကား။
" သွား .. သွား " ဟုဆိုပြီးသကာလ မောင်ဖိုးချိုသည် ကားမှန်တံခါးတင်ရန်ခလုတ်ကို လက်လှမ်းမိလေသည်။ ပြီးမှ မိမိစကားကို သတိရသည်နှင့် အောင့်သက်သက် လက်ကိုရုတ်ရရှာပေသည်။ အခွေဆရာကား မလှမ်းမကမ်းမှ မျက်စပစ်ပြ၍ကောင်းဆဲပင် ရှိသေးဧ။်။

. . . . . အတန်စိတ်ရှုပ်၍ စနောင့်စနင်းဖြစ်သွားသော မောင်ဖိုးချိုသည် မျက်နှာမှရွှံ့ရေတို့ကို ဖိ၍ ဖိ၍ သုတ်ဧ။်။
" ဘွမ် .. ဗွမ် .. ပွမ် .. တီ "
မီးစိမ်းချေပြီ။ ဂီယာသို့အလျင်အမြန် လက်လှမ်းသော်လည်း အထွက်ကနောက်ကျရချေပြီ။
" အိပ်ကောင်းနေတယ် .. ဟလား ၊ စည်းစိမ်ယူချင်ရင် အိမ်မှာယူ ၊ . . မအေပေး . . "
" ငါ _ _ _ ဖြစ်နေတာလားကွ "
ဘယ်ညာမှ ကျော်တက်လာသော ကားကြီးကားငယ်များမှ သြဘာသံများပေတည်း။

. . . . . မောင်ဖိုးချို စိတ်တိုမိချေပြီ။ နံဘေးမှကြီးဒေါ်ဖြစ်သူက "စိတ်လျှော့ ၊ စိတ်လျှော့" ဟု ပြောရှာဧ။်။
" လူတွေကိုက အဆင့်အတန်းနိမ့်ကြတာ ၊ သူတို့နဲ့ ဖက်ဖြစ်မနေနဲ့။ ဒါကြောင့် မှန်လေးပိတ်ပြီးမောင်းပါလို့ ဆိုတာပေါ့ " ဟု အားရသံကို မနိုင်ရင်ကန်ဖိနှိပ်ထားပုံရသော အာလုတ်သံကြီးနှင့် ဆိုလေသည်။

" တီ ... တီ "
စိတ်မရှည်နိုင်ပြီဖြစ်သော မောင်ဖိုးချိုမှာ ရှေ့မှပိတ်ရပ်ထားသော လက်တွန်းအမှိုက်လှည်းကို ဟွန်းသံပေးတော့သည်။
" ဘာလဲကွ ၊ ဒီမှာ အလုပ်လုပ်နေတာ မမြင်ဘူးလား။ မင်းအမေလင်ထင်လို့ တီးနေတာလား။ သတ္တိသိပ်ကောင်းရင် ၀င်အောင်းသွားလိုက် "
" တောက် " . . . မောင်ဖိုးချို ဒေါပွချေပြီ။ ကြီးဒေါ်ဖြစ်သူလည်း အာလုတ်သံနှင့်မပြောဝံ့တော့ပဲ ငြိမ်ငြိမ်ပင်နေရရှာတော့သည်။ လောကကြီးကား နေ၍မကောင်းတော့ပေ။

. . . . . ဟွန်ဒါဖစ်ကလေးမှာ အရှိန်ပြင်းပြင်းဖြင့် ပြေးရလေတော့သည်။ ကျွဲမြီးတိုနေသော မောင်ဖိုးချိုဧ။်မျက်နှာကား စူပုပ်လျက်ပင်။
" ဗျစ် "
" ဟာာ "
နံဘေး ဘတ်စ်ကားကြီးထံမှ ထွက်ကျလာသော ကွမ်းတံတွေးသည် မောင်ဖိုးချိုဧ။်အင်္ကျီပေါ်တွင် ယခင်ရွှံ့ရေအကပ်အသပ်လေးများနှင့် ရော၍ စွဲလေသတည်း။
" စောဒီး "
ဘတ်စ်ကားပြတင်းမှခရီးသည်ကား မချိုမချဉ်မျက်နှာထားကိုဆောင်လျက် တောင်းပန်သယောင်ပြုလေရာ မောင်ဖိုးချိုဧ။် တင်းမာသောအခွက်ကို မြင်သည်နှင့် ဘုကြည့်ပြန်ကြည့်ပြီးသကာလ တဘက်သို့လှည့်လေသည်။
" ကျွီ "
" ဟဲ့ .. ဟဲ့ .. ဘာ . ဘာလုပ်မလို့တုန်း "
မောင်ဖိုးချိုကား စကားမဆိုချေ။ ဘယ်ညာ မှန်တံခါးများကို စက်ခလုတ်နှင့် မတင်ရသည်မှာ အလွန်နှေးဘိသည့်အလား အံကိုကြိတ် အားကိုစိုက်၍ နှိပ်ကာ ပိတ်လေတော့သည်။
" မှန်ပိတ်မလို့ "

. . . . . ကြီးဒေါ်သည် တဘက်သို့မျက်နှာလွှဲလျက်က မိန့်မိန့်ကြီး ပြုံးသောဟူဧ။်။ အပြုံးလွန်၍ သီးပေရာ အာလုတ်သံကြီးနှင့်ချောင်းဆိုးရရှာတော့သည်။ မှန်များက လုံနေပြီဖြစ်ရာ " အဟုမ်း . . အဟုမ်း " ဟု မြည်လေသတည်း။ ။

(ယက္ခ) ရဲကြီး ။ ( The Voice Daily _ 13.12.13 )
၁၀.၁၁.၁၃ မှ ၂၁.၁၁.၁၃ ထိ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

Wednesday, November 20, 2013

" အိမ် "


" အိမ် "        ( The Voice Daily , 24.10.13 )

 . . . . . ကျွန်တော်တို့အားလုံး အတူနေထိုင်ကြီးပြင်းခဲ့ကြတဲ့ "အိမ်" ပါ။ ဒီလောက် ယိုယွင်းပျက်စီးနေတာ မြင်လို့တောင်မှ မတော်လောက်အောင်ပါပဲ။ ပြင်စရာတွေ သိပ်များတယ်။ မြန်မြန်ကြီးကို ချက်ချင်းပြင်ရမှာတွေက အပုံအပင်။ အိမ်ကြီးက အချိန်ဆွဲခွင့် ထပ်မပေးနိုင်တော့ဘူး။ နေ့ကောင်းရက်သာ ၊ နေလနက္ခတ်ရွေးနေဦးမယ်ဆိုရင်တော့ ... တချို့အစိတ်အပိုင်းတွေက ပြိုမကျသေးအောင်ဆက်တောင့်ခံထားဖို့ မသေချာတော့ပါဘူး။
 

. . . . . အိမ်ပြင်ဖို့ကိစ္စ သိပ်အရေးတကြီးဖြစ်ချိန်မှာတောင် ကျွန်တော်တို့တွေက ရန်ဖြစ်ကောင်းတုန်းဆိုရင်။ မြန်မြန်ပြိုအောင် သိပ်အားစိုက်လိုက်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်ကြီး ဒီလောက်မြန်မြန်နဲ့ ဆိုးဆိုးရွားရွားပျက်သွားခဲ့ရတာလည်း ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ ရန်ဖြစ်ကောင်းခဲ့ကြလို့ပဲ မဟုတ်လား။ အရင်ကဆို တစ်လမ်းလုံးမှာ အကောင်းဆုံးနဲ့ အခံ့ထည်ဆုံး အိမ်ကြီးလေ။ အိမ်အသစ်လေးတွေက ဆောက်ခါနီး ကျွန်တော်တို့အိမ်ကြီးကို လာငေးပြီး တုပဆောက်ခဲ့ကြတာ မဟုတ်လား။ အခုတော့ ဘေးအိမ်ကလေးတွေက လှလိုက်ကြတာခင်ဗျာ။ နေချင့်စဖွယ်။ ဧည့်လည်းစည်လို့။ ကျွန်တော်တို့ အိမ်ကြီးကတော့ လမ်းထဲမှာရော ၊ ရပ်ကွက်မှာပါ .. အစုတ်ဆုံး ၊ အချိနည့်ဆုံး ဖြစ်နေခဲ့ပေါ့။
 

. . . . . စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ဆိုတဲ့ စကားတွေက စာထဲမှာသာ ရှိတာမျိုး မဟုတ်ပါ။ ဒီအိမ်ကို အတူတူပြင်ကြမယ့်သူတွေကြားမှာ တကယ်ရှိနေမယ့် အရှိတရားဖြစ်ပါတယ်။ အိမ်ပြင်မယ်ဆိုတဲ့သူတွေက ရန်ဖြစ်လို့ကောင်းနေတုန်းဆိုရင် ညီညွတ်ခြင်းအကြောင်းပြောစရာလည်း မရှိတော့ပါဘူး။ ပြင်တော့ပြင်မယ် ၊ မီးဖိုချောင်ကစမှ ဆိုတာနဲ့ ဘုရားစင်က စမှ ဆိုတာငြင်းကြရင်း အိမ်ပြိုသွားရင်. . . ။ အိမ်ရှေ့က ပန်းခင်းလေးကို အရင်ပြင်ဖို့လို့နဲ့ပဲ အိမ်သားတွေ အိုသွားရင် . . . ။ ကျွန်တော်တို့ စိုက်ထုတ်ရမယ့် အားတွေကို အရေးအကြီးဆုံး အစိတ်အပိုင်းတွေပြင်ဖို့အတွက် သတိပြု အသုံးချသင့်တယ် မဟုတ်လား။ ကိုယ့်ထက်ပို သိနားလည်တဲ့ ညီအစ်ကိုက ပိုအရေးကြီးတယ်လို့ ပြောပါလျက်နဲ့ ကိုယ်မကြိုက်သေးလို့ ဘေးဖယ်လိုက်ဦးမယ်ဆိုရင် . . .။  စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ဆိုတဲ့ စကားတွေက စာထဲမှာသာ ရှိတာမျိုး မဟုတ်ပါ။
 

. . . . . အိမ်ရှေ့က ပန်းခင်းလေးကို အိမ်သားတိုင်း လှစေချင်တာပါပဲ။ ဘုရားစင်လေးလည်း ပြန်ပြင်ချင်တာပါပဲ။ ဒီည ကောင်းကောင်းအိပ်နိုင်ဖို့ မိုးယိုတာသိပ်ဆိုးနေတဲ့ အိမ်ခေါင်မိုးကို အရင်မဖာထေးသင့်ဘူးလား ခင်ဗျာ။ မိုးစိုထဲ အိပ်ခဲ့တဲ့ညတွေက များလှ မဟုတ်ပါလား။ ကောင်းကောင်းလေးအိပ်ရ ၊ အိပ်ရေးဝ ၊ အားရှိတဲ့လက်တွေနဲ့ အတူတူဆက်ပြင်လိုက်ကြရင် ဘုရားစင်နဲ့ အိမ်ရှေ့က ပန်းခင်းလေးဟာအလွယ်ကလေးပေါ့ဗျာ။ ချစ်ခင်စည်းလုံးတတ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတတွေ တစ်ယောက်အကြံဥာဏ်ကို တစ်ယောက်ကလေးစားတတ်ကြဖို့လည်း လိုမှာပါ။
 

. . . . . ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ရုပ်ပုံကို မြင်ချင်တာ လူတိုင်းပေါ့ခင်ဗျာ။ တစ်ကိုယ်တည်းဆန္ဒပြောရရင် ခြင်္သေ့တစ်ထောင်ကျပ်တွေကို ဗိုလ်ချုပ်တစ်ကျပ်တန်တွေနဲ့ လဲပေး။ ငါးရာတန်တွေဆို ငါးမူး(ပြားငါးဆယ်) ပေါ့ဗျာ။ တချိန်ကလို မြန်မာငွေတကျပ် ယူအက်စ်တစ်ဒေါ်လာ ဆိုတာမျိုး အထိပြန်ရချင်ပါတယ်။ ဟုတ်ပါတယ် .. ဆန္ဒဆိုတာ လူတိုင်းကိုယ်စီ ရှိကြစမြဲ မဟုတ်ပါလား။ ဒါပေမယ့် အရှိတရားထဲမှာ ဖြစ်သင့် မသင့် ဆိုတာ စဉ်းစားတတ်ရပါမယ်။ မစဉ်းစားတတ်ရင်လည်း စဉ်းစားတတ်သူများရဲ့ ဦးဆောင်မှုကို  ရိုးသားစွာနဲ့ လိုက်နာခံယူတတ်သင့်ကြပါတယ်။ ဒါဟာ တိုင်းပြည်ကို ချစ်ခြင်းပါပဲ။
 

. . . . . တစ်နိုင်ငံလုံး သုံးဖို့ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်မယ်ဆိုတာ .. ကုန်ကျခံရမယ့် တိုင်းပြည်ရဲ့ ငွေ ၊ ကုန်ကျခံရမယ့် ကိုယ့်လူမျိုးတွေရဲ့ လုပ်အား ၊ ကုန်ကျခံလိုက်ရမယ့် အဖိုးတန်လှတဲ့ အချိန်တွေကို ထည့်မစဉ်းစားပဲ ဖြစ်နိုင်ပါမလား။ အဆိုပါ ငွေတွေ ၊ လုပ်အားတွေ ၊ အချိန်တွေအတွက် ပိုအရေးကြီးတဲ့ လုပ်ဆောင်ဖွယ်ရာတွေက ရေတွက်လို့တောင် မကုန်နိုင်ပါ။ ပညာရေး ၊ ကျန်းမာရေး ၊ တရားဥပဒေစိုးမိုးရေး .. ဆက်မရေးလိုတော့ပါ။
 

. . . . . ဘယ်ဟာတွေကို ပိုအရေးကြီးခွင့် ပေးကြမှာလဲလို့ မေးပါရစေတော့။ အခုပဲ ဆန္ဒပြဖို့ ပြင်နေကြတဲ့ မိုးစက်ဝိုင်ကလေးကပဲ သိပ်အရေးကြီးနေပြန်ပါရောလား ခင်ဗျာ။ ဦးဆောင်နိုင်သူ ၊ ဦးဆောင်သင့်သူများရဲ့ ဦးဆောင်လမ်းပြမှုတွေကို ငါတကောကောပြီး လျစ်လျူရှုတတ်လာရင်တော့ ကျွန်တော်တို့ရဲ့ အသိပညာရေချိန်နဲ့ ထိုက်တန်တဲ့ "အိမ်" ပဲ ရနိုင်လိမ့်မယ် ထင်ပါရဲ့။
 

. . . . . ရန်မဖြစ်ကြဖို့ အရေးကြီးပါတယ်။ တစ်အိမ်တည်းသားဆိုတာ အကျိုးစီးပွား တစ်ခုထဲဖြစ်ပါတယ်။ အိမ်သူ အိမ်သား ညီအစ်ကိုများပါပဲ။ စစ်သား တစ်ယောက်သေတာဟာ ကျွန်တော်တို့ အိမ်သားတစ်ဦးဆုံးရှုံးတာပါ ၊ တိုင်းရင်းသား လက်နက်ကိုင် တစ်ဦးသေတာလည်း  ကျွန်တော်တို့ အိမ်သားတစ်ဦးဆုံးရှုံးတာပါပဲ။ မြန်မာနိုင်ငံသား တရုတ်တစ်ဦးသေတာဟာလည်း ကျွန်တော်တို့ အိမ်သားတစ်ဦးဆုံးရှုံးတာပါပဲ။ ဟုတ်ပါတယ် .. မြန်မာနိုင်ငံသား မွတ်စလင်တစ်ဦးသေဆုံးတာဟာလည်း  ကျွန်တော်တို့ အိမ်သားတစ်ဦးဆုံးရှုံးတာပါပဲ။
 

. . . . . နှလုံးသားထက် ဦးနှောက် ပိုကြီးကြရမယ့် ၊ ပိုကြီးကြသင့်တဲ့ အချိန်ဖြစ်ပါတယ်။ ရန်ဖြစ်မနေသင့်ဘူး။ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးဆိုတာ နိုင်ငံသား ဖြစ်သည် ၊ မဖြစ်သည် နဲ့ပဲဆုံးဖြတ်ကြတာပါ။ဆုံးဖြတ်ကြရမှာပါ။ မြန်မာနိုင်ငံသား မွတ်စလင်တစ်ဦးဟာ ကုရ်အန်ကျမ်းကို ဦးထိပ်ထားခွင့်ရှိသော်လည်း .. အပြစ်သားတစ်ဦးကို ကျောက်တုံးနဲ့ပေါက်သတ်ခွင့် မရှိပါဘူး။ သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။ မြန်မာနိုင်ငံသား မွတ်စလင်တစ်ဦးဟာ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ သတ်မှတ်ပြဌာန်းထားတဲ့ တရားဥပဒေ အတိုင်းလိုက်နာရပါမယ်။  သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။  မြန်မာနိုင်ငံသား မွတ်စလင်တစ်ဦးဟာ တရားဥပဒေရဲ့အောက်မှာ ဘယ်လူမျိုး ဘယ်ဘာသာဝင်ဖြစ်စေ ၊ တခြားသော မြန်မာနိုင်ငံသားတစ်ဦးနဲ့ တန်းတူအခွင့်အရေးရှိရပါမယ်။ တန်းတူလုံခြုံစိတ်ချခွင့် ရှိစေရပါမယ်။  သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါပဲ။
 

. . . . . ရွှေဝါရောင်တော်လှန်ရေး ၊ ၈၈ အရေးတွေမှာ ဗမာတွေ ၊ တခြားတိုင်းရင်းသားတွေနဲ့ တန်းတူ တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာနိုင်ငံသား အစ္စလာမ်မစ်တွေကို မေ့မပစ်သင့်ပါ။ သူတို့ဟာ ... ကျွန်တော်တို့ပဲ ဖြစ်ခဲ့တယ်မဟုတ်လား။ တစ်မိုးတည်းအောက်မှာ တစ်ခရီးတည်းလျှောက်ခဲ့ကြတဲ့ ဘ၀တူတွေ မဟုတ်ဘူးလားဗျာ။ သူတို့ကိုရောထွေးပြီး နာကျင်စေတာဟာ တရားမျှတပါ့မလား။ လူဆိုးဟာ လူဆိုးပဲဖြစ်ပြီး .. ဘာသာ ၊ လူမျိုးနဲ့ တွဲပြီး မသတ်မှတ်အပ်ဘူး မဟုတ်လားခင်ဗျာ။
 

. . . . . ဒါ ကျွန်တော်တို့ အိမ် ဖြစ်ပါတယ်။ "ကျွန်တော်တို့" ဆိုတာက ဗမာ မဟုတ်ဘူး။ ရှမ်းမဟုတ်ဘူး။ တရုတ်မဟုတ်ဘူး။ ဗုဒ္စဘာသာဝင်တွေ မဟုတ်ဘူး။ ကျွန်တော်တို့ ဆိုတာက "မြန်မာနိုင်ငံသားများ"ဖြစ်ပါတယ်။ ဒါကြောင့် သူတို့လည်း အပါအ၀င်ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒါ သူတို့အိမ်လည်း ဖြစ်ပါတယ်။
 

. . . . . တစ်အိမ်တည်းသားတွေဟာ ညီအစ်ကိုများပဲ မဟုတ်ဘူးလား ခင်ဗျာ။ ကျွန်တော်တို့ အိမ်ကြီးရဲ့ အခြေအနေလည်း အားလုံးသိကြပါရဲ့။ အရေးကြီးဆုံးတွေကနေ မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီးစပြင်ဖို့ အိမ်သားအားလုံး တက်ညီလက်ညီရှိကြရမယ့် အချိန် မဟုတ်ဘူးလားဗျာ။ ဖြူတာ၊မည်းတာထက် တွဲလို့ရတဲ့လက် ဖြစ်ဖို့က အရေးကြီးတာပါ။ ဖြူတဲ့လက်ဖြစ်ဖြစ် ၊ မည်းတဲ့လက်ဖြစ်ဖြစ် အတူတွဲပြီးမိုးယို ယိုင်နဲ့နေတဲ့ "အိမ်" ကို မြန်မြန်ပြင်ကြဖို့ပဲ စဉ်းစားသင့်တယ် မဟုတ်လား။

(ယက္ခ) ရဲကြီး ။ ၁၂ .၁၀ .၁၃ ။   
( The Voice Daily _ 24.10.13 )
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
 

Tuesday, November 19, 2013

" အပျင်းပြေ _ ၆ "



" အပျင်းပြေ _ ၆ "


. . . . . ကျွန်တော် ဆေးလိပ်သိပ်ကြိုက်တယ် ခင်ဗျ။ စီးကရက် ကနေ ဖက်ကြမ်း ၊ ပေါ့လိပ် ၊ ဆေးပြင်းလိပ် အပါအ၀င် ပြောင်းဖူးဖက်လိပ်ကြီးတွေအထိ ကြိုက်တာမျိုး။

. . . . . ကျွန်တော့်ရဲ့ လူငယ်ဘ၀မှာ ကျွန်တော်ကြိုက်တဲ့ ဆေးလိပ်တံဆိပ်ကလေးရယ် ၊ အကြမ်းအိုး တစ်အိုးရယ် ၊ လက်ဘက်ရည်ခပ်ကျကျလေးတစ်ခွက်ရယ် ၊ ထိုင်လို့ကောင်းတဲ့ လက်ဘက်ရည်ဆိုင်ရဲ့ နေရာလေးတစ်ခုရယ်ရှိရင် တော်တော်ကြီး နေပျော်တတ်ခဲ့တာမျိုးပေါ့။ စကားပြောဖော် ၊ နားထောင်ဖော်ကောင်းကောင်း တစ်ယောက် ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ ကဗျာဆရာရဲ့ ကဗျာစာအုပ်တစ်အုပ် ဒါမှမဟုတ် ကျွန်တော်ကြိုက်တဲ့ သီချင်းတစ်ခွေ ပါပါဝင်ရင်တော့ အလွန်ပေါ့ဗျာ။

. . . . . ကျွန်တော်တို့ လူငယ်ဘ၀တွေက ဒီနေ့ခေတ်ထက်တော့ လွယ်ကူရိုးရှင်းခဲ့ပါတယ်။ လူတွေကလည်း လွယ်ကူရိုးရှင်းကြတယ်ဗျ။ "ရိုးရှင်းသောဘ၀" ဆိုတဲ့ သီချင်းမျိုးတောင် ဆိုရကောင်းမှန်း မသိကြသေးဘူးလေ။

. . . . . ဆေးလိပ်တစ်လိပ်နဲ့ ထိုင်လို့သိပ်ကောင်းတဲ့ နေရာတွေ ရှိတယ်ဗျာ။ ရန်ကုန်မှာရော ... နယ်တွေမှာရော။ အင်းစိန်လမ်းမကြီးပေါ်က ဂျီတီအိုင်ကျော်ကျော်လေးမှာ လမ်းမအကွေ့လေးတွင် မှတ်တိုင်တစ်ခုရှိတယ်။ ကျွန်တော် နာမည် မသိတော့ဘူး။ သိပ်မိုက်တယ်ဗျာ .. မျက်စောင်းထိုးမှာ ဘိုတဲလေးတစ်ခုလည်း ရှိတယ်။ မှတ်တိုင်နေရာမှာပဲ လက်ဘက်ရည်ဆိုင်ရှိတယ်။ ဆိုင်ရော ၊ လမ်းရော လူတော်တော်ရှင်းတယ်။ လက်ဘက်ရည်ကတော့ မကောင်းဘူး။ နေရာကတော့ တကယ်ကြီးကို ထိုင်လို့ကောင်းတယ်ဗျာ။ ခင်ဗျားသာ ကျွန်တော်နဲ့တူတဲ့လူဆိုရင်တော့ အိပ်မက်ထဲရောက်သွားသလိုနေမှာပဲ။ ရပါတယ် .. အိပ်မက်ထဲ ပို့ပေးတဲ့ဆေးလိပ်မျိုး မလိုပါဘူး။ ခင်ဗျားကြိုက်တဲ့ တံဆိပ်ကလေး နှစ်လိပ်လောက်ပါလာရင် လုံလောက်ပြီ။

. . . . . သန်လျင်ဘက်မှာလည်း ထိုင်လို့ကောင်းတဲ့ နေရာတွေရှိတယ်။ အလုံဘက်လည်း ကောင်းတယ်။ ဒီလိုပဲဗျာ ... ကိုယ့်စိတ်ဝိညဉ်နဲ့ ဟပ်မိတဲ့နေရာလေးတွေကို ဆေးလိပ်ငွေ့တွေနဲ့ သယ်ဆောင်မိတာပေါ့။ ဆူးလေဘုရားလမ်းမကြီးပေါ်က ပလက်ဖောင်းဆိုင်တွေဆို ညဘက် လိုင်းကားတွေသိမ်းချိန်မျိုး ထိုင်လို့အကောင်းဆုံးပဲ။ ဘယ်နေရာပဲဖြစ်ဖြစ် ဆေးလိပ်လေးတော့ ပါပါမှ ပြည့်စုံတော့တာ ကလား။

. . . . . ဟုတ်ပါတယ် .. အဲဒီလို စွဲလမ်းနှစ်သက်ခဲ့တဲ့ ဆေးလိပ် ဆိုတာကို ကျွန်တော်ဖြတ်ခဲ့တယ်။ တပ်တပ်မက်မက် သောက်နေရင်းကနေ ယတိပြတ် ဖြတ်ခဲ့တာပါပဲ။ "ဆေးလိပ်ဖြတ်နိုင်၊မဖြတ်နိုင် ဆိုတာကို ကိုယ့်ဘာသာသတ်မှတ်တဲ့ ပေတံ" အဖြစ် စံပြုပြီး ဖြတ်ခဲ့တယ်။ မိမိကိုယ်ကိုမိမိ ယုံကြည်အားထားနိုင်မှုကို ဆေးလိပ်ပြတ်အောင် ဖြတ်နိုင်ခြင်းနဲ့ တည်ဆောက်ယူတယ်။ ဆေးလိပ်ဖြတ်တဲ့ နောက်တစ်နေ့က စပြီး ကျွန်တော် ဆေးလိပ်ပြတ်ခဲ့ပါတယ်။

. . . . . လွယ်လွယ်လေးတော့ ဘယ်ဟုတ်ပါ့မလဲ။ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ အချိန်တွေဟာ အဆင်းရဲဆုံး အချိန်တွေ ဖြစ်လာတယ်။ ကိုယ့်ဘေးက သူငယ်ချင်းက လန်ဒန်ကလေးကို အဆုတ်ထဲ အပြည့်ရှိုက်သွင်းလိုက်တဲ့ အချိန်မျိုးမှာ တကယ်ကို ယောင်ချာချာ ၊ နေလို့မထိဘူး ဆိုတာမျိုးထင်ပါရဲ့။ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ ချစ်သူက ကိုယ့်ရှေ့မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ ကယုကယင်ပြုပြနေတာကို ထိုင်ကြည့်ရတာမျိုးနဲ့ ဆင်ဆင်တူမလားပဲ။ သူ့လက်ထဲက ဆေးလိပ်ကုန်သွားရင် အတော်လေး နေလို့ထိုင်လို့ ကောင်းသွားရော။ မဟုတ်ရင်တော့ လာချထားတဲ့ မုန့်တစ်ခုခုကို ကောက်ဝါးပေါ့ဗျာ ... ။ ဆေးလိပ်ဖြတ်ပြီးတာနဲ့ ၀ိတ်တက်လာတော့ပဲ .. အဲဒီ မုန့်တွေကြောင့်က အဓိကပါဗျာ။

. . . . . အထက်က ဟာလေးတွေက အပရိကပါဗျာ။ တကယ့်အခက်က ညဘက်မက်တဲ့ အိပ်မက်တွေပဲ။ ဆေးလိပ်ဖြတ်ပြီး ၃ ရက်လောက်မှာ စမက်တယ်။ နေ့စဉ်ပဲ။ တစ်ညနဲ့ တစ်ညဟာ တစ်ထပ်တည်းပဲ။ ကျွန်တော်ဟာ ထိုင်လို့ကောင်းတဲ့ လက်ဘက်ရည်ဆိုင်လိုနေရာတစ်ခုမှာ ... ကျွန်တော်ကြိုက်တဲ့ စီးကရက်ဘူးက ၂ လိပ်လောက်ပဲထုတ်ထားသေးတော့ လတ်ဆတ်နေတာမျိုးလေး ... ကျပ်နေတဲ့ စီးကရက်ဘူးထဲကနေ ကျွန်တော့်အကျင့်အတိုင်း နှုတ်ခမ်းနဲ့ပွတ်ပြီး ဆွဲထုတ် ... အပြင်ရောက်လာတဲ့ စီးကရက်ကို မသောက်ခင် အကျင့်အတိုင်း တလိပ်လုံးလှည့်ပတ်ပြီး မွှေးရှူ ... ၀တော့မှ ဂက်စ်မီးခြစ်နဲ့ ညှိပြီး ပထမဆုံး ဈေးဦးပေါက် အငွေ့ကို တ၀ ရှိုက်သွင်း ... အား ဟား ဟား ... အသက်ကိုအောင့်ထား ... အရသာကို ဒင်ပြည့်ကျပ်ပြည့် ခံစား ... မျက်လုံးကို မှိတ်ထား ...။ အင် ... ငါ ဆေးလိပ်တွေ ပြန်သောက်မိနေပြီ။ ငါ ... ဆေးလိပ်မပြတ်ပါလား။ ငါ ... ဆေးလိပ်မဖြတ်နိုင်ပါလား။ ငါ ... အလကားပဲ။ ငါ ... ဘာမှ သိပ်အရည်အသွေး မရှိတဲ့ကောင်ပဲ။ ငါ ... ဒီလောက်တောင် ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းမရှိတဲ့ ယောက်ျားပဲ။ ငါ ... မိုးပြော ဂျိုးပြောနဲ့ ၊ တကယ်တော့ ဘာမှ သိပ်အထင်ကြီးစရာမရှိတဲ့ လူမျိုးပဲ။ ... ... ... ညစ်ညူးလာတဲ့ စိတ်ဟာ အောက်ဘက်ကို ဆက်တိုက်ထိုးကျ ... ဆေးလိပ်ငွေ့တွေထဲမှာ ကျွန်တော်ဟာ ချွေးပြန်လာ ... ကျိုးပေါက်သွားတဲ့ ကျွန်တော့် ကတိက၀တ်ကို နှမြောနောင်တတွေ ဆင့်ဆင့်လာ ... ပြီးတော့ ... ကျွန်တော် နိုးသွား။

. . . . . သက်ပြင်းကို လေးလေးပင်ပင်ချ။ အဲဒီအချိန်တွေမှာ ကျွန်တော်ချဖြစ်တဲ့ သက်ပြင်းတွေဟာ အရောင်သိပ်စုံပါတယ်။ တော်ပါသေးရဲ့ ၊ အိပ်မက်မို့လို့ ဆိုတဲ့ နှစ်သိမ့်မှုကလေးလည်းပါ။ ငါ ဒီနေ့အထိ တောင့်ခံနိုင်သေးတယ် ၊ ငါ မညံ့ဘူး ဆိုတဲ့ ကျေနပ်မှုကလေးလည်းပါ။ ရည်းစားဟောင်းရဲ့ ပါးကလေးကို အမှတ်မဲ့ပြန်ပွတ်မိသလို ဆေးလိပ်ငွေ့ရဲ့အတွေ့ကို လွမ်းဆွတ်မှုကလေးလည်းပါ။ ဒီလို ခံစားမှုကို အပြီးလက်လွှတ်ခဲ့ပြီဆိုတဲ့ အသိက နာကျင်ကျေကွဲမှုကလေးလည်းပါ။

. . . . . အံ့သြစရာက အိပ်မက်ထဲက ဖြစ်စဉ်တစ်ခုလုံးဟာ တကယ့်အဖြစ်အတိုင်း သိပ်ကြီး တအားကို ထပ်တူညီနေတာပါပဲ။ ဆိုပါတော့ ... စီးကရက်ကလေးကို ကျွန်တော်ပွတ်ရှူတယ် ... တကယ်ကြီးလိုပါပဲ။ နှုတ်ခမ်းမှာတေ့တယ် ... တကယ်ကို ထိတွေ့ခံစား ရပါတယ်။ ရှိုက်လိုက်တယ် ... ဆက်ပြောဖို့ မစွမ်းတော့ဘူး။ အဲဒီ အိပ်မက်ထဲမှာ ကျွန်တော်ဟာ ဆေးလိပ်ရဲ့အရသာကို ၁၀၀% ရယူနိုင်ခဲ့တယ်။... ကျွန်တော်ဟာ အပြင်မှာ ဆေးလိပ်လုံးဝ မသောက်မိတော့ပေမယ့် ... ညတိုင်း အိပ်မက်ထဲမှာ ဆေးလိပ်သောက်သူဖြစ်လာတယ်။

. . . . . အိပ်မက်ဟာ ညစဉ်ဖြစ်ပါတယ်။ နောင်တတွေကလည်း ညစဉ်။ ပျော်ရွှင်မှုတွေကလည်း ညစဉ်။ လွမ်းဆွတ်မှုတွေ ညစဉ်။ စိတ်ဓါတ်ကျမှုတွေ ညစဉ်။ စိတ်တက်ကြွမှုတွေ ညစဉ်။ ... တစ်လလောက်ရှိတော့ ရက်ခြားဖြစ်လာတယ်။ တစ်လခွဲလောက်ကြာတော့ ၂ ရက် ၃ ရက် တစ်ခါ။ နောက်တော့ တစ်ပတ် တစ်ခါ။

. . . . . အခုထိလည်း ရံဖန်ရံခါ မက်တတ်ပါတယ်။ ကျွန်တော် ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဂုဏ်ယူပါတယ်။ ၅ နှစ်ကြာခဲ့တယ်။ ၅ နှစ်ပြီးသွားတော့ တရံတခါမှာလည်း ပြန်သောက်ဖြစ်ပါတယ်။ ကိစ္စက ဘာမှမရှိတော့ သလောက်ပါပဲ။ ဆေးလိပ်ကို ကျွန်တော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

. . . . . ကျွန်တော်ပြောချင်တာကဗျာ ... ဆေးလိပ်တွေက ဒီအတိုင်းပါပဲ။ ကျွန်တော်လည်း ဒီအတိုင်းပဲ။ ပြောင်းသွားတဲ့ အချိန်တွေက ဘာတွေကို ပြောင်းပေးလိုက်နိုင်တာလဲ မသိရပါဗျာ။ ကျွန်တော် သိပ်စွဲမက်ခဲ့တဲ့ ဆေးလိပ်တွေဟာ ကျွန်တော် သိပ်စွဲမက်နေဆဲ ဆေးလိပ်တွေ မဟုတ်တော့ဘူး။

. . . . . အချိန်တွေက ကျွန်တော်တို့ မမြင်နိုင်တာတွေကို တိုက်စား သွားတယ်။


(ယက္ခ) ရဲကြီး ။ ၂၂.၁၀.၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
 

" လွမ်းတေး နဒီ "


" လွမ်းတေး နဒီ "

ဥသြသံသာ
နွေကန္တာ သာမောဖွယ်ပ
ယာတောလယ်ခင်း။

တိမ်စင်စ ၀ဠာပြင်နဲ့
မရွှင်ဖွယ် လွမ်းနဒီရယ်
တမ်း သီ ဖွဲ့ ရင်း။

ဧရာက ရွှေဝါလူးလို့
ဗေဒါဖူး ရွက်ဆင်တယ်
ဖော်အင်မဲ့သူ ကူဆွေး။

ရိုးပြတ်ကွင်း ကျယ်ကျယ်မှာ
လေသယ်ရာ တိမ်တစ်စနှယ်သို့
ကိုယ်ဘယ်ဆီ မျှော်ရည်မှန်းရမယ်
လွမ်းဓလေ့ တေး။ ။

(ယက္ခ) ရဲကြီး / ကိုရဲ (ဆေး_၂)
1999-2000
(from romantic poems collection vol -3)
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
 

" မိုးခါးထဲ ပွင့်ရဲခဲ့တဲ့ ပန်းတွေ "

" မိုးခါးထဲ ပွင့်ရဲခဲ့တဲ့ ပန်းတွေ " ( The Voice Daily , 15.10.13 )


. . . . . . . "မင်းတို့နဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ မင်းတို့မျှော်လင့်ပါ" လို့ တစ်ဦးကပြောတော့ စိတ်ထဲ မျက်မိတယ်။ ပြောတဲ့သူက နိုင်ငံခြားတိုင်းတပါးသား တဖြစ်လဲ မြန်မာလူမျိုးဟာကိုး။ ဟုတ်ပါရဲ့ .. သူကတော့ သူနဲ့ထိုက်တန်တယ်လို့သူထင်တဲ့ အစိုးရရှိတဲ့ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ပြီလေ။

. . . . . . . ကောင်းကြပါရဲ့။ လေးလွန်းတဲ့ လှည်းဘီးကို ဇွဲခတ်တွန်းနေဆဲဖြစ်တဲ့ လူတွေကတော့ နွံထဲ ကျွံနေဆဲပါပဲ။ သူတို့နဲ့ ထိုက်တန်ကြပါသတဲ့လား။

. . . . . . . ဘ၀ရဲ့တန်ဖိုးသတ်မှတ်ချက်တွေအကြောင်းလည်း ငြင်းခုံမနေချင်တော့ပါ။ မိမိရဲ့ဘ၀ကို မိမိစိတ်ကြိုက် ပြဌာန်းခွင့် လူတိုင်းကိုယ်စီရှိကြပါလေရဲ့။ မိမိရဲ့လူသားဖြစ်တည်မှုတန်ဖိုးကိုလည်း မိမိစိတ်ကြိုက် သတ်မှတ်နိုင်ကြတာပါပဲ။ လိပ်ပြာသန့်လျှင် အိပ်ပျော် စားဝင် စတမ်းပေါ့ဗျာ။ အိပ်မပျော် စားမ၀င်သူများက သူတို့နဲ့ထိုက်တန်တယ်ဆိုတဲ့ နွံထဲမယ် ရုန်းနေကြဆဲပါ။ ပြိုင်တူတွန်းနိုင်ဖို့ ညာသံပေးနေဆဲပါ။ လှည်းဘီးအရွေ့မှာ ပျော်မွေ့နေဆဲပါ။ လူမှန် မမှန် ၊ နေရာမှန် မမှန် မပြောလိုပါ။ အနီးက ဇွန်ပန်းရုံလေး မွှေးမြနိုင်ပါစေလို့ ဆုတောင်းရင်းသာ .. ။

. . . . . . . အားရှိသေးတဲ့ လက်တစ်ဖက်စီဟာ အတူစီးခဲ့တဲ့ ဒီလှည်းကို ၀ိုင်းကူတွန်း မပေးသင့်ပါဘူးလား။ ရှိပါစေတော့။ ဆုံးရှုံးသွားတဲ့လက်တွေအတွက် ကျွန်တော်တို့ ပိုအားစိုက်ကြရုံပေါ့ဗျာ။

. . . . . . . ကိုယ်စီ တာဝန်နဲ့ ကျင့်ဝတ်ကို နားလည်ပြီး စောင့်ထိန်းသိတတ်လာတဲ့ တစ်နေ့မှာ လှည်းဘီးက ပေါ့သွားမှာပါပဲ။ အားလုံးနားလည်လက်ခံနိုင်ဖို့ နဲ့ စိတ်ရောကိုယ်ပါ ပါဝင်နိုင်ဖို့တော့ ကျွန်တော်တို့ အချိန်နဲ့ အားစိုက်ထုတ်မှုတွေ ပေးရဦးမှာပါ။

. . . . . . . စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးနေသရွေ့တော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ လမ်းလယ်က သံဆန်ကာတွေ ရှိနေဦးမှာပါပဲ။ ဘတ်စ်ကားခ မပေးပဲ ခိုးစီးတတ်နေသရွေ့တော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ စပယ်ယာတွေရှိနေဦးမှာပဲ။ ကွမ်းတံတွေးတွေ လက်လွတ်စပယ်ကြုံရာ ထွေးနေတတ်သရွေ့တော့ လူမျိုးခြားတွေက နှာခေါင်းရှုံ့ပြီး အထင်သေးတဲ့မျက်လုံးနဲ့ အကြည့်ခံနေရဦးမှာပဲ။ မစည်းလုံးတတ်သရွေ့တော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ခွေးကတက်မှာ တော်သလိုနေရဦးမှာပါပဲ။

. . . . . . . ကွမ်းယာဆိုင်က ဆေးတွဲတွေ ရောင်းပေးနေ ၊ ၀ယ်သောက်တတ်နေသရွေ့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ဆေးမတိုးသောရောဂါဆိုးဆိုးတွေနဲ့ နှစ်ပါးသွားနေရဦးမှာပဲ။ အမှိုက်တွေကို တော်သလိုပစ်နေသရွေ့တော့ အမှိုက်ပုံမြို့တော်ထဲ နေကြရဦးမှာပဲ။ ရေနစ်နေတဲ့လမ်းတွေပေါ် ပျော်ပျော်ဖြတ်နေကြရဦးမှာပဲ။ ' နွား' ဖြစ်တဲ့ဘ၀မှာတောင် သွေးကွဲနေသရွေ့တော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ ဆွဲမယ့် 'ကျား' တွေက ရောက်လာဦးမှာပဲ။

. . . . . . . ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ မလိုက်နာနိုင်သရွေ့ ယာဉ်ကျောပိတ်ဆို့မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာမှာပါပဲ။ ယာဉ်မတော်တဆမှုတွေက ထပ်ကြပ်လိုက်နေဦးမှာပဲ။ ရုပ်ရှင်ပိတ်ကားပေါ်က နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းရှေ့မှာ ဒူးချိတ် ခြေဆင်း ထိုင်နေတတ်သရွေ့တော့ အိမ်အပြင်ဘက်ရောက်တိုင်း 'ရွှေ'တွေကို 'ရွှေ'တွေလိုဆက်ဆံတာ ခံနေရဦးမှာပဲ။

. . . . . . . ညောင်ပင်ရိပ်က ရေအိုးစင်မှာ သံကြိုးတွေရှိနေဦးမှာပဲ။ ဆရာမတွေက ကျူရှင်ပေးပြီး ခပ်ပြောင်ပြောင် မေးခွန်းအောက်နေဦးမှာပဲ။ ဆေးရုံက အနီဝတ်က လူလိုသဘောမထားပဲ ဟောက်နေဦးမှာပဲ။ ဘယ်ဈေးနဲ့ ထုတ်ပေးပေး ချပေးပေး ဆင်းမ်ကဒ် တစ်ကဒ် သိန်းကျော်ဖြစ်နေဦးမှာပါပဲ။ ဦးစီးမှူးက မျက်နှာထားတင်းတင်းနဲ့ လက္ဘက်ရည်ဖိုး လက်ခံနေဦးမှာပဲ။ ညွှန်ချုပ်ကြီးက ကန်တော့ပန်းခြင်းစောင့်နေမှာပဲ။ အဖားကြမ်းရင် လမ်းသရဲတောင် ရေမြေ့သခင်စိတ် ၀င်နိုင်သေးတာပဲကို။

. . . . . . . ကမ္ဘာကြည့် မကြည့်နိုင်သရွေ့ ၊ မကြည့်တတ်သရွေ့ ကမ္ဘာကြီးကထားခဲ့တာ ခံနေရဦးမှာပါပဲ။ တစ်ဦးကို တစ်ဦး မလေးစားတတ်သရွေ့ လူ့သိက္ခာနဲ့ လုံခြုံမှု မရှိတဲ့ ဘ၀တွေနဲ့ပဲ ခရီးဆက်ကြရဦးမှာပဲ။ တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သရွေ့ ပိုပိုတိုတောင်းလာမယ့် ယုံကြည်မှုအချင်းဝက်ထဲမှာ သေနတ်သံတွေ ညံနေဦးမှာပဲ။

. . . . . . . ဘယ်သူဘယ်ဝါ့တာဝန်ပါလို့ ပြောနေတတ်သရွေ့ တာဝန်ယူမှုမရှိတဲ့ လူ့အသိုင်းအ၀ိုင်းထဲမှာပဲ နေနေကြရဦးမှာပဲ။ သူများအပြစ်သာ မြင်နေတတ်သရွေ့တော့ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ အဆင့်အတန်းမှာပဲ အမြဲသတ်မှတ်ခံထားရမှာပါပဲ။

. . . . . . . ကျွန်တော်တို့လက်ခံရရှိနေတာတွေဟာ ရာနှုန်းပြည့်မဟုတ်ပေမယ့် ရာခိုင်နှုန်းခပ်များများက ကျွန်တော်တို့ကိုယ်တိုင်ကြောင့်လည်း ဖြစ်နေတာကို မြင်အောင်ကြည့်ပေးကြပါ။ မတတ်နိုင်တဲ့ ရာခိုင်နှုန်းကို ခဏဘေးမှာထားပြီး ကိုယ်တတ်နိုင်တဲ့ ရာခိုင်နှုန်းတွေကို အသီးသီးကြိုးစားပြင်လိုက်ကြလို့ရပါတယ်။ အခု ကျွန်တော်တို့က ကိုယ်ပြင်ရမယ့် ရာခိုင်နှုန်းခပ်များများကို မေ့ထားပြီး ကျန်တဲ့ရာခိုင်နှုန်းတချို့ကိုပဲ အော်ကြီးဟစ်ကျယ်နဲ့ လက်ညှိုးဝိုင်းထိုးချင်နေကြသလိုများ ဖြစ်နေမလား။

. . . . . . . ပြောင်းလဲတာတွေ ၊ ပြုပြင်တာတွေ ၊ ပွင့်လင်းတာတွေ ၊ ရှေ့တိုးတာတွေ ၊ နောက်ပြန်မလှည့်တာတွေ စတဲ့ စကားလုံးကြီး တစ်လုံးတစ်လုံး ပြောခါနီးတိုင်းမှာ "ငါ" ဆိုတာကို သတိရပေးကြပါ။

. . . . . . . ဥပဒေကို လေးစားလိုက်နာချင်တဲ့ နိုင်ငံသားတစ်ယောက်က ဘတ်စ်ကားကျပ်ကြီးထဲ ချွေးတရွှဲရွှဲကို နာရီများစွာ စီးနေချိန်မှာ သူလိုငါလို နိုင်ငံသား သုံးယောက်က သုံးသိန်းတန် လိုင်စင်မဲ့ တရုတ်ဆိုင်ကယ်ပေါ်မှာ .. ကားဘေးကနေ အော်လို့ ဟစ်လို့။ နောက်ဆုံးလက်ကျန် ခံတပ်သားတွေကို ကောင်းကောင်းအဆုံးသတ်ပစ်နိုင်တဲ့ တရားဥပဒေ မစိုးမိုးမှုတွေပေါ့ ခင်ဗျာ။

. . . . . . . ကျွန်တော်တို့ရဲ့ လက်ကျန်ခံတပ်သားတွေဟာ တန်ဖိုးကြီးမားပါတယ်။ ရေချို သာ ပေါတဲ့ နေရာမို့ လွယ်လို့သောက်တာမဟုတ်ပဲ အားလုံးကြိုက်ပြီးလွယ်လွယ်လည်းရနေနိုင်တဲ့ မိုးခါးရေတွေကို ထားခဲ့ရဲတဲ့ သိပ်သတ္တိကောင်းသော ရေချိုသောက်သူများ ပါ။ နေမကောင်းဖြစ်တော့မှ ကျန်းမာခြင်းရဲ့တန်ဖိုးကိုသိသလို ဖြစ်ကြရင် ၀မ်းနည်းစရာတွေလည်း ကြုံကောင်းကြုံရနိုင်ပါတယ်။ နောက်ဆုံးလက်ကျန် ခံတပ်သားတွေကို မျိုးသုဉ်းတော့မယ့် ရှားပါးသတ္တ၀ါတွေလို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အခုကိုပဲ လိုအပ်နေပြီထင်တာပါပဲ။

. . . . . . . အမှားတွေကိုပြင်ဖို့ အမှန်သိတဲ့လူ အနည်းဆုံးတစ်ဦးစီတော့ နေရာတိုင်းမှာ လိုအပ်မှာပဲမဟုတ်လား။ ပုခုံးနဲ့ထမ်းရမယ့် လှည်းဘီးအတွက် နွံထဲဆင်းရဲမယ့်သူတွေကို လိုအပ်နေဆဲပါပဲဗျာ။ သူတို့နဲ့ထိုက်တန်မယ့် တစ်နေရာစီကို ကျွန်တော်တို့ရင်ထဲ အမြဲသိမ်းထားကြရအောင်ပါ။

. . . . . . . စာသားကောင်းကောင်းလေးကို အတီးကောင်းကောင်းလေးနဲ့ မြန်မြန်လေး မြိုင်လိုက်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ စည်းချက်မှန်မှန် တီးပေးနိုင်မယ့်သူတွေလည်း အရေးပါတယ်မဟုတ်လား။ အားလုံး ဆိုကြ ကကြဖို့အတွက် တီးပေးမယ့်သူတွေကတော့ ကန့်လန့်ကာနောက်မှာရော ရှေ့မှာပါ အရင်နေရာယူထားကြရမြဲပါ။

. . . . . . . အရင်က စာသားတွေထဲမှာတော့ ဇွန်ပန်းရုံအနီးက လှည်းဘီး ပေါ့ဗျာ။ အခုတော့လည်း အခု စာသားများပေါ့။ ပြိုင်တူတွန်းနိုင်တဲ့တစ်နေ့တော့ ကောင်းကောင်းရွေ့နိုင်လိမ့်မယ်လို့ ယုံကြည်ဆဲပါပဲ။ စာသားတွေထက် နှလုံးသားတွေက စကားပိုပြောနိုင်မှာပါ။ တီးလုံးတွေထက် နောက်ကထပ်ကြပ်လိုက်မယ့် လက်တွေက ပိုအားရှိစေမှာပါ။

. . . . . . . လှည်းဘီးရွေ့တဲ့တစ်နေ့ ၊ နွံကလွတ်တဲ့တစ်နေ့ မှာ လှည်းပေါ်ကခုန်ဆင်းပြီး လက်သာကိုယ်ကျွတ် ထွက်မသွားပဲ ပုခုံးနဲ့ နှလုံးနဲ့ လက်ရုံးနဲ့ ဇွဲခတ်လို့ အတူတွန်းခဲ့သူတွေထဲမှာ ကျွန်တော်တို့လည်း ပါတယ်ဆိုတဲ့အကြောင်း သားမြေးများကို ဂုဏ်ယူစွာပြန်ပြောပြနိုင်ဖို့ .. ကျွန်တော်တို့လက်တွေ ဒီနေ့ပဲ ဆက်ကြရအောင်။ ။


( The Voice Daily , 15.10.13 )
(ယက္ခ) ရဲကြီး။ ၃ မှ ၇ . ၈ .၂၀၁၃။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage