Wednesday, September 18, 2013

" ကျွန်တော်တို့နဲ့ ရွာသားများ "


" ကျွန်တော်တို့နဲ့ ရွာသားများ "      ( The Voice Daily _ 31.7.13 )

            လူဆိုတာက တစ်ဦးတည်းနေတဲ့ ၊ နေလို့ရတဲ့ သတ္တ၀ါမဟုတ်ပါဘူး။ အစုအဖွဲ့နဲ့ နေကြရတဲ့ အမျိုးပါ။ အစုအဖွဲ့နဲ့ ဘယ်လိုနေရမယ်ဆိုတာကို ကောင်းကောင်းမသင်ယူနိုင်ရင် အစုအဖွဲ့ရဲ့အပြင်ကို အလိုလိုရောက်သွားမှာပါပဲ။ အစုအဖွဲ့ရဲ့အပြင်ကိုရောက်ရင် ဘာဖြစ်မလဲဆိုတာတော့ ပြောဖို့လိုမယ် မထင်တော့ပါဘူး။ ကျွန်တော်တို့တွေ အသိဆုံးပဲ မဟုတ်လား။

             လူသားတွေရဲ့သမိုင်းဟာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတိုင်း အမြဲပြောင်းလဲရွေ့လျားနေမှာပါပဲ။ ကျန်စစ်သားခေတ်မှာ သေနတ်မရှိခဲ့ပေမယ့် မင်းတုန်းမင်းခေတ်မှာ သေနတ်မရှိတဲ့စစ်တပ်ဟာ အင်အားမရှိတော့တဲ့ အညံ့စား စစ်တပ်ဖြစ်သွားပါပြီ။ သေနတ်ကောင်းကောင်း မကိုင်နိုင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ရာဇ၀င်မှာ တစ်ခန်းရပ်ခဲ့ရပါတော့တယ်။

            ပြောင်းလဲမှု လူ့သမိုင်းရေစီးအတိုင်း လိုက်ပါစီးမျောနိုင်ဖို့ဟာ တနည်းအားဖြင့် အရေးကြီးပါတယ်။ ကနောင်မင်းသားကြီးရဲ့ လက်နက်စက်ရုံတွေကို မင်းတုန်းမင်းကြီးက ဘာသာရေးရှုထောင့်ကနေ ငရဲကိစ္စတွေဆိုပြီး ပိတ်ခိုင်းခဲ့တာကို ပြန်တွေးတိုင်း ကျွန်တော်တို့တွေ မချိတင်ကဲဖြစ်ကြရမြဲပါ။ ရေစီးကိုဆန်လို့ အန်တုဖို့ကြိုးစားခြင်းကတော့ ပိုအန္တရာယ် များပါလိမ့်မယ်။

            နိုင်ငံခြားပညာတော်သင်များ ၊ ခေတ်မီ စက်ရုံ အလုပ်ရုံများ ၊ သတင်းစာ ၊ သံရုံး များနဲ့ ရေစီးကိုမှီအောင်လိုက်ဖို့ အထိုက်အလျောက်ကြိုးစားခဲ့ကြလို့သာ မြန်မာဟာ အင်္ဂလိပ်ကို သုံးကြိမ်သုံးခါ ခုခံခဲ့ပြီးမှ သူ့ကျွန်ဘ၀ရောက်ခဲ့ရတာပါလို့ ကျွန်တော်တို့ အခုပြောနိုင်တာပါ။

            လူ့သမိုင်းဖြစ်စဉ်ကတော့ မြစ်ရေလိုပဲ မှန်မှန်စီးဆင်းရင်း ပြောင်းလဲနေမှာပါ။ သတင်းအချက်အလက် မြန်ဆန်သွက်လက်လွန်းတဲ့ ဒီနေ့ခေတ်မှာ ရေစီးက အရှိန်အဟုန်သိပ်ပြင်းလာပါတယ်။ ရပ်တန့်မေ့လျော့နေမိရင် ခဏလေးနဲ့ဝေးကွာသွားနိုင်တာမျိုးပါ။ ကမ္ဘာကြီးက ရွာကြီးဖြစ်ခဲ့ပြီဆိုတာကိုး။

            ကျွန်တော်တို့က ရွာကြီးထဲမှာနေမှာလား ၊ ရွာပြင်ထွက်နေမှာလား ခင်ဗျာ။ ရွာပြင်မှာ နေခဲ့ရတာလဲကြာပေါ့။ အခု ရွာထဲပြန်အသွင်းခံရတဲ့ အချိန်လေးမယ် ရွာထဲကလူတွေနဲ့ တည့်အောင်မနေနိုင်လို့တော့ဖြင့် ရွာပြင်ပြန်ရောက်မယ့်ကိန်းပါပဲ။

            ပရမတ္ထ သစ္စာတရားတွေကလွဲလို့ ကျွန်တော်တို့ရဲ့လောကထဲက အမှားအမှန် ဆိုတာတိုင်းဟာ ကြည့်သူရဲ့ရှုထောင့်ပေါ်မှာမူတည်ပြီး ကွဲလွဲနိုင်ကြတာမျိုးပါပဲ။ အချိန်၊ နေရာ ပေါ်မှာလိုက်လို့ အမှားကနေအမှန်၊ အမှန်ကနေအမှား အဖြစ်လည်း ပြောင်းလဲသွားနိုင်ပါသေးတယ်။

            ကနောင်မင်းသားကြီးရဲ့ရေမြှုပ်မိုင်းတွေက ငါး၊ ပုစွန်တွေကို သေကြေစေတဲ့အခါ ရဟန်းသံဃာတော်များနဲ့ ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ မင်းတုန်းမင်းကြီးက အပါယ်အလုပ်တွေကို တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ငါးတွေသေတာ မကောင်းဘူးပေါ့ခင်ဗျာ။ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့လူမျိုး ကျွန်ဖြစ်ရတာလည်း မကောင်းလှပါဘူး။

            သေနတ်တွေဟာ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ကို ထုတ်လုပ်တာဖြစ်လေတော့ ဘယ်မှာကောင်းပါတော့မလဲဗျာ။ သေနတ်မရှိတော့လည်း ဓါးနဲ့ခုတ်ရတာပေါ့။ အမှန်အမှား ဆိုတာက တခါတရံငြင်းရခက်တတ်ပါတယ်။ မှားသည်မှန်သည် ငြင်းနေမယ့်အစား ညဏ်ကြီးကြီးနဲ့ ရလာဒ်ကို ကြိုတင်ပြီး ခွဲခြမ်းစိတ်ဖြာ ပုံဖော်မှန်းဆကြည့်ခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိစေနိုင်ပါလိမ့်မယ်။

            ကျွန်တော်တို့ သေနတ်မလုပ်ဘူး ၊ ဒီအတွက် သူများကျွန် အဖြစ်ခံရနိုင်တယ်။ ခံမယ် ၊ ငရဲကြီးတာတော့ မလိုချင်ဘူး ... ဆိုလျှင်လည်း ကောင်းတာပါပဲ။ သိသိနဲ့ ကျေနပ်လို့ ခံယူတာမျိုး မဟုတ်ပါလား။

            သို့သော် ကျွန်ဖြစ်ရတော့မှ 'ငါတို့လည်း သေနတ်လုပ်နိုင်သားပဲ ၊ ငရဲကြီးမှာစိုးလို့ မလုပ်ခဲ့တာ ၊ ဒီလိုမှန်းသိရင် လုပ်ခဲ့တာပေါ့' ဆိုလျှင်တော့ နောင်တဖြစ်သွားပါလိမ့်မယ်။

            ဖြစ်နိုင်ရင် ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကို နောင်တတွေကြားထဲမှာ မထားခဲ့ချင်တော့ပါဘူး။ ကျွန်တော်တို့အတွက် သင်ခန်းစာတွေကလည်း လုံလောက်နေပါပြီ။ မြန်မြန်ကျေညက်အောင် လုပ်ကြဖို့ပါပဲ။ အိမ်စာ အကြွေးတွေကို ကျွန်တော်တို့အပြီးသတ်ခဲ့ကြရင် မျိုးဆက်သစ်တွေက အခန်းသစ်တွေကို သင်ယူနိုင်ကြမှာပေါ့။

           ကမ္ဘာ့လူဦးရေ သန်း ၇၁၀၀ မှာ ကျွန်တော်တို့လူဦးရေက (တိုင်းရင်းသားများအပါအ၀င်မှ) သန်း ၆၀ ပဲ ရှိပါတယ်။ ရွာကြီးထဲက ခပ်သေးသေးအိမ်ထောင်စုလေး တစ်ခုပေါ့ဗျာ။ တစ်ရွာလုံးက .. လူ့အခွင့်အရေး ဆိုတာကိုလက်ခံရင် ၊ လူနည်းစုကိုကာကွယ်ပေးရေး ဆိုတာကို လက်ခံရင် ၊ လွတ်လပ်စွာကွဲလွဲခွင့်ကို လက်ခံရင် ၊ လွတ်လပ်စွာဖြစ်တည်ခွင့်ကို လက်ခံရင်။ ပြီးတော့ .. ကိုယ့်ကိုလည်း လက်ခံစေချင်တယ် ဆိုရင် .. ။

            ဟိုတုန်းကတော့ သူတို့လည်း အမျိုးသားရေး ဆိုတဲ့ ပြဇာတ်တွေ သိပ်ကြိုက်ခဲ့ကြတာပါပဲ။ အခုတော့ သူတို့အကြိုက်တွေ ပြောင်းကုန်ကြပြီလေ။ အရောင်စုံ အသွေးစုံနဲ့ လူသားဆန်မှုဆိုတဲ့ ရုပ်ရှင်ကိုမှ ခေတ်မီတယ်လို့ထင်ကုန်ကြပြီ။

            ကျောက်ခေတ်ကလူတွေက အ၀တ်မ၀တ်ကြပါဘူး။ အဲဒီခေတ်မှာတော့ ဒါဟာအမှန်ပါပဲ။ အရင်တုန်းက အ၀တ်မ၀တ်ပဲနေကြတာပါဆိုပြီး သံခေတ်မှာ အ၀တ်မ၀တ်ရင်တော့ အရူးဖြစ်ပါလိမ့်မယ်။

            ဒီနေ့ အာဖရိကနဲ့ တောင်အမေရိကတောနက်ထဲက လူရိုင်းတစ်ပိုင်းလူမျိုးနွယ်တွေကို ကျွန်တော်တို့က ဘယ်လိုသဘောထားပါသလဲ။ သူတို့ကို မြို့ထဲခေါ်မယ်ဆိုရင် လက်ထဲကဓါးကြီးချဖို့ ၊ ခါးကသားရေပတ်ကြီးချွတ်ဖို့ ၊ အင်္ကျီ ပုဆိုးဝတ်ဖို့ ပြောရမှာပဲ မဟုတ်လား။ သူက ဒီလို မ၀တ်ဘူး ၊ မလုပ်ဘူးဆိုရင်တော့ မြို့ထဲခေါ်သွားဖို့ မလွယ်တော့ပါဘူး။ သူ့ဘာသာ တောထဲမှာပဲ အေးအေးချမ်းချမ်းနေခွင့် ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။ သူ့ကိုယ်သူကာကွယ်ဖို့ ဓါးကြီးလိုမယ်လို့ သူထင်တာဟာ သူ့အတွက်တော့လည်း အမှန်ပေပဲကိုးဗျာ။

            ကျွန်တော်တို့ရောက်နေတာ ဘယ်အရပ်မှာလဲလို့တော့ စဉ်းစားကြရမှာပါ။ ကျွန်တော်တို့ရှင်သန်နေတာကရော ဘယ်ခေတ်မှာပါလဲ။ ကျွန်တော်တို့ ရေစီးနဲ့အတူ လိုက်ပါစီးမျောကြမှာလား။ ရပ်တန့်ပြီး နေခဲ့မှာလား။ ရေစီးကို အန်တုဖို့ကြိုးစားကြည့်မှာလား။ ဓါးကြီးကိုင်ပြီး မြို့ထဲဝင်ချင်လို့တော့ မဖြစ်နိုင်ဘူးလေ။

             လူညီလို့ 'ကျွဲ' ဖြစ်သွားတဲ့ 'ဤ' ကို ကျွန်တော်တို့က ဘယ်လိုဆိုကြမှာလဲ။ တချိန်ကြရင် 'ဤ' ဆိုတာမရှိတော့ပဲ အမြဲ 'ကျွဲ' ဖြစ်သွားရင်ရော။

             အဖေကဆုံးဖြတ်လို့ 'တို့မိသားစု ရွာပြင်မှာပဲနေကြတာပေါ့' ဆိုလဲ အားလုံးသဘောပါ။   ကျေကျေနပ်နပ်နဲ့ ကိုယ့်ဘာသာထွက်ခဲ့တဲ့ ရွာပြင်ကို တန်ဖိုးထားသွားကြယုံပါပဲ။

             ကျွန်တော်တို့ မရှိတော့တဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့သားမြေးများကို ရွာကြီးထဲမှာ လုံလုံခြုံခြုံထားခဲ့ရင် ပိုကောင်းလိမ့်မလားလို့ တစ်ချိန်မှာ ပြန်မစဉ်းစားပါရစေနဲ့။ ။

 
(ယက္ခ) ရဲကြီး . ၂၂.၇.၁၃။      ( The Voice Daily _ 31.7.13 )
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage

No comments:

Post a Comment