Wednesday, September 18, 2013

" မြန်မာ့ မြန်မာ့ ရုပ်ရှင် ၊ နိုင်ငံ့ ဂုဏ်အင်"

" မြန်မာ့ မြန်မာ့ ရုပ်ရှင် ၊ နိုင်ငံ့ ဂုဏ်အင်"      ( စံတော်ချိန်နေ့စဉ် _ ၄.၈.၂၀၁၃ )

 
            မကြာသေးတဲ့လပိုင်းမှာ အရပ်သူအမျိုးသမီးတစ်ဦးက ပြောတဲ့စကားကို ဂျာနယ်တစ်စောင်မှာဖတ်ရပါတယ်။ "ကျွန်မကလေးတွေကို မြန်မာကား ပေးမကြည့်ဘူး။ ပျက်စီးလမ်းမှားမှာ စိုးလို့" တဲ့။
     
            အမျိုးသမီးက သားသမီးတွေအပေါ် အလွန်ဂရုစိုက်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရာရာစင်းလုံးချောရလဒ် (perfect) ကိုမှ လိုလားသူမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆိုးမြင်စိတ်လွန်ကဲပြီး မိမိရဲ့ရှုထောင့်အပေါ် စောင်းပေးပြောဆိုတတ်သူမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်သို့ဘယ်ပုံဖြစ်ပါစေ၊ ကျွန်တော်တို့နိုင်ငံရဲ့ အနုသုခုမ အဆင့်အတန်းဟာ ဒီလိုပြောစရာ ၊ ဒီလိုဖော်ပြစရာ ဖြစ်ခဲ့ပြီလားခင်ဗျာ။

            ကျွန်တော်ကိုယ်တိုင်လည်း မြန်မာရုပ်ရှင်၊ဗွီဒီယို ဇာတ်ကားများကို စိတ်လိုလက်ရ မကြည့်ဖြစ်တာ နှစ်အတန်ကြာခဲ့ပြီဖြစ်ကြောင်း ၀န်ခံရမှာပါ။ တဆက်တည်းမှာပဲ ယနေ့ကာလထဲ ကျွန်တော်ကြည့်ဖြစ်နေတဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများဟာ သရုပ်ဆောင်၊ အပြင်အဆင်၊ ဇာတ်လမ်းဇာတ်အိမ်၊ တင်ပြပုံ၊ ချန်ပေးခဲ့ချင်သော အချက်အလက် (message) .. အစစအရာရာ သာလွန်ကောင်းမွန်လှပေမယ့် ငယ်စဉ်ကကြည့်ခဲ့ဘူးတဲ့ မြန်မာရုပ်ရှင်ကားများလောက် ကျွန်တော့်အပေါ် မလွှမ်းမိုးနိုင်ကြောင်းကိုလည်း ၀န်ခံရမှာပါပဲ။

            အခွင့်သာတဲ့အခါတိုင်း ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်များထဲမှာ မင်းသားကြီးက ဘယ်လိုသရုပ်ဆောင်ခဲ့ကြောင်း ပြန်ပြောင်းပြောပြချင်နေဆဲပါ။ အလားတူပါပဲ ၊ ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်ဖြစ်ခဲ့တဲ့ အဖေ၊ အမေ၊ ဦးကြီး၊ ဘကြီး များကလည်း ဓါတ်ရှင်ကို ဇာတ်ပွဲလောက်မမက်ကြောင်း ၊ ဦးတင်မောင်ကြီးလောက် ဘယ်ဓါတ်ရှင်မင်းသားမှ မတော်ကြောင်း အမြဲပြောချင်နေသူများပါပဲ။ ငယ်ဘ၀ဆိုတာမျိုးဟာ လွယ်လွယ်မေ့ပစ်ဖို့ ခက်သားပါဗျာ။

            ကျွန်တော်တို့ ကိုယ်စီဖြတ်သန်းခဲ့တဲ့ ငယ်ဘ၀အတွေ့အကြုံတွေဟာ ကျွန်တော်တို့ကိုယ်စီအတွက် ရှေ့ဘ၀ခရီး လမ်းပြမြေပုံတွေလည်း ဖြစ်ခဲ့ကြပါတယ်။ အမှတ်စွဲမိခဲ့တဲ့ ငယ်ဘ၀ကိုယ်စီဟာ ကျွန်တော်တို့တစ်ဦးစီရဲ့ ကြီးပြင်းရာ ပုဂ္ဂလပုံရိပ်တွေကို ပြဌာန်းပေးလိုက်တာပါပဲ။
            ကျွန်တော်တို့ရဲ့နောက်တစ်ဆင့် မျိုးဆက်တွေအတွက်ရော ကျွန်တော်တို့က ဘယ်လို လူရည်လူသွေးနဲ့ ဘယ်လို ပုဂ္ဂလပုံရိပ်မျိုးတွေကို ပြဌာန်းပေးကြမှာလဲ ခင်ဗျာ။ ဒီလိုတွေးမိတဲ့အခါ အမျိုးသမီးအပေါ် အမြင်မကြည်လင်မှုတွေ သိသိသာသာလျော့ပါးသွားပါရဲ့ဗျာ။

            ငယ်စဉ်ကလေးဘ၀မှာ လူတိုင်းလိုလို "ရုပ်ရှင်ဆန်"ခဲ့ ဘူးကြမှာပါ။ ရုပ်ရှင်ဗွီဒီယိုထဲက မင်းသား၊ မင်းသမီး နေရာမှာ ကိုယ့်ကိုကိုယ် ၀င်ခံစားကြတာကို ပြောချင်တာပါ။ ရင့်ကျက်နိုင်စွမ်းနည်းသူများက ကြီးတဲ့အထိ "ရုပ်ရှင်ဆန်"နေတတ်ကြပါသေးတယ်။ ကိုယ်ကြိုက်ခဲ့တဲ့ ၊ ကြည့်ခဲ့တဲ့ ရုပ်ရှင်များအလျောက် ကိုယ်ပျော်မွေ့ဖြတ်သန်းခဲ့တဲ့ "ရုပ်ရှင်ဆန်မှု"များအတိုင်း တစ်ဦးစီရဲ့ကြီးပြင်းရာ ကိုယ်ရည်ကိုယ်သွေးနဲ့ အတွေးအခေါ်၊ အပြုအမူ၊ အယူအဆ အထိ ကပ်ငြိလွှမ်းမိုးခြင်း ခံကြရမြဲပါပဲ။

            ရုပ်ရှင်ဗွီဒီယိုအနုပညာဟာ နိုင်ငံတစ်ခုလုံး၊ လူမျိုးတစ်ခုလုံးအတွက် အရေးကြီးတာ သိသာမြင်သာပါတယ်။ အခုပဲ ကျွန်တော်တို့တစ်နိုင်ငံလုံး ကိုရီးယားယဉ်ကျေးမှု ၀ါးမြိုခံနေရတာ ထင်ထင်ရှားရှားပဲမဟုတ်လား။ တစ်ခုခုဆို ကိုရီးယားနဲ့ တန်းညှိတတ်လာကြတာ နေရာတော်တော်များများမှာဖြစ်နေပါပြီ။ အားကောင်းပြီးသား အိန္ဒိယကို မထိုးဖောက်နိုင်တာလည်း မြင်သာတဲ့အချက်တစ်ခုပါပဲ။
    
            ခေတ်တွေပြောင်းကုန်တဲ့အတိုင်း နည်းပညာနဲ့ ဖြစ်စဉ်တွေ၊ လုပ်ထုံးတွေဟာ ပြောင်းလဲကုန်ပါပြီ။ စစ်တိုက်ပြီးနယ်ချဲ့လို့ ရကောင်းတဲ့ခေတ် မဟုတ်တော့ပေမယ့် နယ်ချဲ့လိုခြင်းဆိုတဲ့ လူ့သဘောကတော့ မပြောင်းလဲသေးပါဘူး။ ခေတ်သစ်ကျေးကျွန်ပြုခြင်းအတွက် အကောင်းဆုံးလက်နက်ဟာ အနုသုခုမရပ်ဝန်း ဖြစ်လာတာကို ကျွန်တော်တို့ လျင်လျင်မြန်မြန် သတိပြုမိကြဖို့လိုပါတယ်။

             အမေရိကန် ရော့ခ်ဂီတက ကျွန်တော်တို့ရဲ့လူငယ်ခေတ် တစ်ခေတ်ကို ဆံပင်ရှည်ထားပြီး ဂျင်းပင်အကျပ်ဝတ်ဖို့ စေခိုင်းနိုင်ခဲ့ပါတယ်။ အနောက်ကမ္ဘာရဲ့ ရက်ပ်ဂီတကလည်း ကျွန်တော်တို့လူငယ်တစ်ခေတ်ကို အင်္ကျီပွပွ ဘောင်းဘီပွပွနဲ့ ရက်ပ်ပါစရိုက်အတိုင်း နေထိုင်တတ်အောင် ခိုင်းစေနိုင်ခဲ့ပါတယ်။ အခုလည်း ကျွန်တော်တို့ ကိုရီးယားဆန်စေဖို့ ခိုင်းစေခံနေရပြန်ပါပြီ။ နောက်ထပ် ကျွန်တော်တို့လူငယ်တွေမှာ ဘာတွေအခိုင်းခံရဦးမလဲ လို့ဗျာ။
    
             ကမ္ဘာလုံးချီတဲ့ ရေစီးကြောင်းကြီးတွေဟာ အရှိန်အဟုန်ပြင်းလွန်းတဲ့အတွက် ဆန့်ကျင်အန်တုဖို့ မလွယ်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရက်ပ်ဂီတဟာ ကမ္ဘာသုံးဂီတ တစ်ခု ဖြစ်ခဲ့ပြီမဟုတ်ပါလား။
             မဆန့်ကျင်နိုင်သော်လည်း ရေစီးမှာ နစ်မြုပ်ပျက်စီးမသွားစေဖို့တော့ ကြိုးစားရပါလိမ့်မယ်။ အလိုက်သင့်စီးမျောရင်း လိုရာဘက်ဆီကို လှော်ခတ်ပဲ့ထိန်းပေးနိုင်မယ့် ကိုယ်ပိုင်"လှေ"တော့ ရှိရမှာပေါ့ဗျာ။ ကျွန်တော်တို့ လှေ က ကြံ့ခိုင်ရေးကောင်းနေဖို့ လိုပါတယ်။   လှေကောင်းကောင်းလှော်တတ်သူများနဲ့ လှော်ချင်စိတ်ရှိသူများလည်း အချိန်မီ လိုအပ်ပါသေးတယ်။

            'လှေထဲဝင်ထိုင်မှ မြန်မြန်သေလိမ့်မယ်'လို့ ယုံကြည်ထားတဲ့ အထက်ပါအမျိုးသမီးလို လူမျိုးတွေ များလာခြင်းက ကျွန်တော်တို့ လှေကြီးရဲ့ အခြေအနေကို မြန်မြန်ဆန်းစစ်ဖို့ အချက်ပေးသံ ဖြစ်နေမလားခင်ဗျာ။

            စီးပွားရေးဆိုတာ အမြတ်အစွန်း၊ အကျိုးအမြတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတာမျိုးပါ။ ဒါပေမယ့် စီးပွားရေးသမားဆိုတာ အကျိုးအမြတ်သာ ရှေ့ရှုပြီး စိတ်ခံစားမှုကိုဖယ်ထားရမယ်လို့တော့ အဓိပ္ဖါယ်မရပါဘူး။ စီးပွားရေးအလုပ်တိုင်းဟာ စေတနာကိုရောထည့်ပြီး လုပ်လို့ရပါတယ်။ လုပ်လည်း လုပ်ကောင်းပါတယ်။ အကျိုးအမြတ် လျော့နည်းကောင်းလျော့နည်းသွားနိုင်ပေမယ့် စီးပွားရေးသမားနဲ့ စီးပွားရေးလုပ်ငန်းကိုယ်တိုင်က လူ့ဘောင်အတွက် တန်ဖိုးကြီးလာမှာကို သတိရကြည့်ပါ။
   
            စီးပွားရေးလုပ်ငန်းတွေမှာ စေတနာရောထည့်ပေးတတ်အောင် ကျွန်တော်တို့ မြန်မြန်သင်ယူသင့်ပါတယ်။ အထူးသဖြင့် တစ်ဦးတည်းနဲ့ဆိုင်တာမျိုးမဟုတ်တဲ့ ဘယ်စီးပွားရေးမှာမဆို ဖြစ်ပါတယ်။ လူမျိုးနိုင်ငံနဲ့ချီပြီး ဆက်နွယ်ပတ်သတ်တဲ့ အလုပ်တွေမှာ ပိုပြီးသတိကြီးကြီးထားသင့်ကြတာပေါ့ဗျာ။ ကျွန်တော်တို့ ဘာအတွက် အလုပ်လုပ်နေတာလဲ ၊ ကျွန်တော်တို့ရဲ့အသက်ရှင် ရပ်တည် ရုန်းကန်မှုက ဘာအတွက်လဲ .. ဆိုတာ ကျွန်တော်တို့ကိုယ်ကို ပြန်မေးကြည့်ရင် အဖြေကို တွေ့နိုင်လိမ့်မယ်ထင်ပါတယ်။

             "စီးပွားရေးသမားကတော့ စီးပွားရေးသမားလို လုပ်မှာပဲ" ဆိုတဲ့ ဒိုင်ယာလော့ဂ်အမှားကြီးကို မြန်မြန်လွှင့်ပစ်လိုက်ကြပါစို့။ ကိုယ့်အကျိုးစီးပွားအတွက် အလုပ်လုပ်သူအားလုံးဟာ စီးပွားရေးသမားချည်းပါပဲ။ ကျင့်ဝတ်စောင့်ထိန်းပြီး စိတ်ကောင်းစေတနာရှိတဲ့ စီးပွားရေးသမားများဟာလည်း စီးပွားရေးသမားစစ်စစ်တွေ ဖြစ်ကြပါတယ်ဗျာ။
   
             မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္စယဉ်ကျေးမှုနဲ့ မဆန့်ကျင်ပဲ ခေတ်မီအောင် ရိုက်လို့ရမှာပါ။ သရုပ်ပျက်၊ လမ်းကြောင်းအလွဲတွေ မပါပဲလည်း လူငယ်ကြိုက်အောင် ရိုက်လို့ရမှာပါ။ အညှီအဟောက်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေမပါပဲလည်း အဆင့်မြင့်အောင် ရိုက်လို့ရမှာပါ။
             ဆေးလိပ်သောက်ခန်းတွေလို ဥပဒေနဲ့တားမြစ်ခံရလို့ မဟုတ်ပဲ မိမိအသိစိတ်နဲ့ အရက်သောက်တဲ့ ဇာတ်ဝင်ခန်းတွေကို ဖြုတ်လို့ရရင် ဖြုတ်ကြည့်ပါဦး။ အိမ်အကောင်းစားကြီး၊ ကားအကောင်းစားကြီး ပါသော်လည်း စိတ်ထားကောင်းလေး၊ ရည်ရွယ်ချက်ကောင်းလေး၊ စေတနာကောင်းလေး တစ်ခုမပါတဲ့ ဇာတ်ကားကြီးဟာ အဆင့်မြင့်ဇာတ်ကား ဖြစ်ပါ့မလားခင်ဗျာ။ အဆင့်မြင့်တယ်ဆိုတာ ဘာများလဲလို့ အချိန်သိပ်မနှောင်းခင် ပြန်စဉ်းစားကြည့်ရအောင်ပါ။ ရောဂါသိပ်မကျွမ်းသွားခင် ကြိုးစားကုရအောင်ပါ။

             ကျွန်တော်တို့အားလုံးအတွက် ဘာတွေကို ချန်ထားပေးခဲ့ကြမှာလဲ ခင်ဗျာ။ ကင်မရာအကောင်းစား၊ ရိုက်ချက်အကောင်းစား၊ စကားလုံးအမိုက်စား ကြီးတွေထက် ပိုတန်ဖိုးရှိမယ့် တစ်စုံတစ်ရာကို လက်ဆင့်ကမ်း ချန်ထားပေးခဲ့နိုင်ဖို့ မျှော်လင့်ပါရစေ။ အသိစိတ်နဲ့ တာဝန်ယူမှုကို သိနားလည်ပြီး ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ ၊ သိက္ခာကိုတန်ဖိုးထားတတ်တဲ့ ကောင်းသောစီးပွားရေးသမားများနဲ့ ရုပ်ရှင်အနုပညာ လောကကြီးဖြစ်စေချင်တယ်။ အရှိန်ပြင်းတဲ့ရေစီးထဲမှာ ကျွန်တော်တို့အားလုံး အားကိုးစရာ လှေကြီးပေါ့ဗျာ။

            'အပေါင်း'တွေကို မျှော်လင့်ချင်ပါတယ်။ မဖြစ်နိုင်ရင်တောင် သုညကနေဆင်းသွားတဲ့ 'အနုတ်' မဖြစ်အောင်တော့ ကိုယ်စီတာဝန်ရှိကြပါလိမ့်မယ်။ အတုခိုးမှားစရာ ၊ တလွဲဝါဒ နဲ့ လမ်းကြောင်းအစောင်းကြီးတွေ ကိုတော့ ချမပေးကြဖို့ တောင်းပန်ပါရစေ။

            အဘိုးတို့က 'ရွှေဘကြီး .. ရွှေဘကြီး' ဆိုပြီး ဂုဏ်ယူစွာနဲ့ပြောခဲ့ကြပါတယ်။ အဖေတို့က 'ဦးကျော်ဟိန်းကြီးက' ဆိုပြီး အားပါးတရ ပြောတတ်ကြတယ်။ ကျွန်တော်တို့ရဲ့သားမြေးများကိုလည်း ကျွန်တော်တို့က အဲဒီလိုအားပါးတရ တစ်ခုခု ပြန်ပြောပြချင်မိတယ်။ ကျွန်တော်တို့ရဲ့သားမြေးတွေမှာလည်း သူတို့ရဲ့သားမြေးများကို ပြန်ပြောပြစရာကောင်းကောင်းတွေ ရှိစေချင်တာပါပဲ။ ။

 
(ယက္ခ) ရဲကြီး ။ ၃၁.၇.၁၃ ။   ( စံတော်ချိန်နေ့စဉ် _ ၄.၈.၂၀၁၃ )
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage

No comments:

Post a Comment