Tuesday, January 14, 2014

" သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ "

" သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ "          ( The Voice Daily _ 15.11.13 )


. . . . . "မင်းတို့ လစ်ဘရယ်သမားတွေဟာ" ၊ "မင်းတို့ ခပ်ပျော့ပျော့ကောင်တွေက" နဲ့စပြီး ဖော်လိုက်တဲ့ တိုက်ကွက်တွေက နှစ်ချို့တာရှည်ခံ အမုန်းလက်သီး စကားလုံးကြီးတွေနဲ့ တရစပ် ၀င်လာတော့တာပါပဲ။

. . . . . လမ်းဘေးက သူလိုကိုယ်လို နိုင်ငံရေးစကားဝိုင်းလေး ဆိုပါတော့။ သူတို့ ရည်ရွယ်ရာကို တိုက်ရိုက်ပြောခွင့် မရတဲ့အခါ အထက်ပါစကားလုံးတွေက ဒေါသနဲ့အတူ ပြောခွင့်ရတဲ့ဆီကို အရှိန်ပြင်းပြင်း ထွက်ကျလာလေ့ ရှိပါတယ်။

. . . . . ခပ်ပျော့ပျော့ဆိုတဲ့လူတွေက အစိုးရဘက်သားတွေတော့ မဟုတ်ကြပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ရပ်နေကြတဲ့ သူတို့ရဲ့ လမ်းပါပဲ။ ခပ်ပျော့ပျော့မဟုတ်တဲ့သူတွေကို ဆွဲကောင်းလည်းဆွဲကြလိမ့်မယ် ပေါ့ဗျာ။ ပိုကောင်းမယ်လို့ သူယုံကြည်တဲ့လမ်းကို အတူလျှောက်ဖို့ သူ့မိတ်ဆွေတွေကိုလည်း တိုက်ရင်းတွန်းရင်း ခေါ်ချင်ကြမှာ သဘာဝပဲမဟုတ်လား။

. . . . . မပျော့နိုင်တဲ့သူတွေက ဒီလိုလမ်းမျိုး တယ်ခံတွင်းမတွေ့ကြတော့လည်း ခက်ကြရတာပေါ့ ခင်ဗျာ။

" ဘာကြောင့် ထိုးချင်နေရတာတုန်းဗျ။ မထိုးပဲနဲ့လည်း ဖြစ်နိုင်နေမင့်ဟာကို။ ခင်ဗျားက ထိုးလိုက်ရမှကျေနပ်မယ် ဆိုသလိုများ ဖြစ်နေမလား "
" ရရင်ရ .. မရရင်တော့ ချပြီ ဆရာရေ "
" မျက်လုံးက လူတစ်ယောက်မှာ နှစ်လုံးပဲရှိတော့ ခက်တာပဲ။ သူဖောက်ခဲ့တဲ့ မျက်လုံးက နှစ်လုံးမကတော့ ဟန်မူရာဘီ ထုံးနဲ့တောင် မကျေနိုင်ဘူးလေ "

. . . . . သူတို့ရဲ့အမြင်ကို ပစ်ပယ်မထားသင့်လှ ပေဘူးဗျ။ သူတို့မှာလည်း လုံလောက်တဲ့ သူတို့ရဲ့ အကြောင်းရင်းတွေကိုယ်စီ ရှိကြကောင်းပါရဲ့။

" ကျုပ်လို ထောင်ထဲ အနှစ်နှစ်ဆယ် နေခဲ့ရပြီး ၊ လူတစ်ယောက်ရဲ့သိက္ခာတွေ၊ကြီးမြတ်မှု ဆိုတာတွေကို သုညအထိ ချနင်းခံခဲ့ရမယ်ဆိုရင် ခင်ဗျား ဒီလို ပျော့ပျော့ပြောင်းပြောင်းတွေးနိုင်ဦးမလား သိပ်သိချင်တယ်ဗျာ "

" ကျုပ်က ကျုပ်နိုင်ငံ ၊ ကျုပ်လူမျိုးအတွက်ဆိုပြီး ထမင်းငတ်ခံ၊ အဆင်းရဲခံပြီး လုပ်ခဲ့တယ်။ ကျုပ်နိုင်ငံ ကျုပ်လူမျိုးက ကျုပ်ဖို့တဲ့ .. ကျည်ဆန်တွေ ပြန်ပေးတယ်။ တချိန်လုံး ပစ်ပယ်ထားခဲ့တဲ့ ဘုရားက ဖယ်ပေးလို့ အခုထိမသေသေးတာပေါ့။ ဒီလိုမြစ်မျိုးကို ဖြတ်ခဲ့တဲ့လှေက ခင်ဗျားတို့လှေလို နုနုလှလှလေးဖြစ်ဖို့တော့ မမျှော်လင့်သင့်ဘူးလေ "

" ငါ့အမျိုး ၃ ယောက် သေတယ်။ မိသားစုဆိုတာ ပျက်စီးသွားခဲ့တယ်။ ဖျက်ဆီးခံရတာ။ မိဘတွေကို ကိုယ့်ယုံကြည်မှုနဲ့ ကျေးဇူးဆပ်သလို ဖြစ်ခဲ့တယ်။ ဒီထဲက အမာရွတ်တွေက မပျောက်နိုင်တော့ဘူး။ ဒီလို အသည်းနှလုံးမျိုးဟာ ဘယ်လိုကြောင့်များ ပျော့ပြောင်းနိုင်လိမ့်မလဲကွာ။ အဲဒီလောက်အထိလည်း ငါတို့ မကြီးမြတ်နိုင်ကြသေးဘူး "

. . . . . မတူတဲ့ အမြင်တွေကို လေးစားတတ်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ကိုယ်စီက ဘယ်လောက်အထိ ကြီးမြတ်နိုင်ကြမှာ မို့လို့လဲ။

. . . . . စကားမာမာကို မျက်နှာထားမာမာ ၊ နှလုံးသားမာမာနဲ့ ပြောတတ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ စကားလေးမျှဝေရင်း အများသူငါတွေရဲ့ ရှုထောင့်များကို အသီးသီးလေးစားတတ်ကြဖို့ စကားလက်ဆောင်ပါးလိုက်ရပါတော့တယ်။

" ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပါတယ်။ တကယ်ပြောတာ။ ဘာမှ လက်တုန့်မပြန်စေရဘူး။ ခွင့်လွှတ်ပါတယ်။ သူတို့ရဲ့မျက်နှာကို မကြည့်ပဲ ပြောတာပါ။ ဟုတ်တယ်။ ကျွန်တော်တို့ မျက်နှာမူထားတာက ကျွန်တော်တို့ပြည်သူတွေပဲ။ သူတို့အတွက် ၊ သူတို့မျက်ခွက်နဲ့ပဲ အားလုံးကို ခွင့်လွှတ်ပါရစေတော့။ခင်ဗျားတို့ပြောသလို လက်လည်းကမ်းပါ့မယ်။ ၀မ်းပန်းတသာမဟုတ်တောင် ကြိုဆိုမယ်။ ကျွန်တော်တို့အသက်ရှင်နေတာက ဒီအတွက်ပါပဲ။ ကောင်းပါပြီ။ အလေးအနက်ထားပြီး တစ်ခုပြောပါရစေ။ ကျွန်တော်တို့ဘက်က လက်ကမ်းပြီးပြုံးပြနေတာတောင် ခမျာများဘက်က ဆက်ခါးနေလို့တော့ မဖြစ်နိုင်ဘူး။ ပြည်သူဆိုတဲ့ ပုံမှန်ဘ၀တွေကို ဆက်ပြီးစော်ကားဖို့ မဟုတ်တော့ဘူး။ အခွင့်ထူးခံဘ၀မှာ ဘုရားဆက်ထူးနေဖို့တော့ မဟုတ်တော့ဘူး။ လက်အုပ်ချီခံနေပြီး တစ်ဆွေလုံးတစ်မျိုးလုံးပိုင်တဲ့ တိုင်းပြည်လို ဆက်ပြုမူနေဖို့တော့ မဟုတ်တော့ဘူး။ ဒီလောက်တော့ ခမျာများလည်း သိသင့်ပါတယ်။ သိနိုင်လောက်တဲ့ ဥာဏ်ရည်နဲ့ သိနိုင်လောက်တဲ့ စိတ်နှလုံးရှိပါစေ ဆုတောင်းပါတယ်။ အ၀ိဇ္ဖာတွေကို အချိန်မီ ပယ်သတ်နိုင်ပါစေဗျာ။ "

" ကျွန်တော်တို့ လုံလောက်အောင် သတ္တိရှိပါတယ်။ ကျွန်တော်တို့ပါးကိုရိုက်ခဲ့တဲ့ လက်တွေကို အပြုံးနဲ့ပဲပြန်လက်ကမ်းနိုင်တဲ့အထိ သတ္တိရှိပါတယ်။ ဒီအတိုင်းပဲ .. လိုအပ်ရင် ပါးကိုဆက်ထိုးပေးဖို့ ၊ သို့မဟုတ်လည်း လိုအပ်တဲ့အခြေအနေအတိုင်း သတ္တိကောင်းဖို့ ကျွန်တော်တို့က လုံလောက်ပါတယ်။ ကျွန်တော်တို့လောက် သတ္တိမကောင်းနိုင်ရင်တော့ သူတို့မြန်မြန်ပဲ လိမ္မာလိုက်ကြတာက အားလုံးအကျိုးရှိပါလိမ့်မယ်။ "


(ယက္ခ) ရဲကြီး ။ ၅.၁၁.၁၃ ။ ( The Voice Daily _ 15.11.13 )
https://www.facebook.com/yekkha.yejee
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage

No comments:

Post a Comment