Tuesday, January 14, 2014

" ချေးထိုးပိုးကောင်များ "

" ချေးထိုးပိုးကောင်များ "            ( The Voice Daily _ 25.11.13 )


. . . . . ကျွန်တော် နှစ်သက်ခဲ့မိတဲ့ ရုရှဟာသလေးတစ်ခုကို တမြန်နေ့က အိပ်မက်အဖြစ် မက်ပါတယ်။ နွားချေးပုံကြီးထဲက ချေးထိုးပိုးသားအဖ အကြောင်းပေါ့။
. . . . . သားချေးထိုးပိုးလေးက ပြောတယ်။ " အဖေ .. ဒီ နွားချေးပုံကြီးရဲ့ အပြင်မှာ ဘာရှိသလဲ ဟင် "
" အင်မတန်သာယာလှပတဲ့ သြကာသလောကကြီး ရှိတာပေါ့သားရယ် "
" ဒါဖြင့် သားတို့ ဒီထဲကထွက်ပြီး သြကာသလောကကြီးထဲကို သွားကြမယ်လေ .. အဖေ "
. . . . . ချေးထိုးပိုးအဖေကြီးဟာ သက်ပြင်းချပြီးသားငယ်ကို ပြန်ဖြေသတဲ့။ " ဟင်း ... သား ကြီးတော့ နားလည်လာကောင်းပါရဲ့ကွာ။ ဒို့ချေးထိုးပိုးတွေမှာလည်း ချစ်ခင်မြတ်နိုးအပ်တဲ့ 'အမိမြေ' ဆိုတာ ရှိတယ်ကွဲ့" ။

x x x x x x x

. . . . . အိပ်မက်မမက်ဖြစ်ခင် ရက်အတန်ကြာတုန်းက ကျွန်တော်ဟာ သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံဖြစ်တယ်။ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံကြီးရဲ့ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်ကနေ ဘွဲ့လွန်ဒီကရီ ရယူခဲ့တဲ့သူ တစ်ယောက်ပေါ့။ သူ့မွေးရပ် တိုင်းပြည်မှာ ဘယ်လိုမှ ရှာဖွေဖို့မဖြစ်နိုင်တဲ့ လုပ်ခလစာတွေကို စွန့်ထားခဲ့ပြီး ပြည်တော်ပြန်လာခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်သူငယ်ချင်းများရဲ့ " လူမိုက်" ဆိုတဲ့ ဂုဏ်ပြုစကားသံကို အပြုံးနဲ့ တုန့်ပြန်နိုင်သူပါ။ သူ့ကို လူမိုက်လို့မခေါ်တတ်တဲ့ ကျွန်တော်နဲ့တွေ့တော့ ပြုံးမပြနိုင်စွမ်းတဲ့ သူ့အဖြစ် အပိုင်းအစတွေ ဖွင့်ဟပါတော့တယ်။
. . . . . သံရုံးက အစ ၊ လေဆိပ်ဝန်ထမ်းများမှ အလယ် ၊ တက္ကစီဒရိုင်ဘာ အဆုံး သူချစ်မြတ်နိုးတဲ့ သူ့လူမျိုးများရဲ့ ကြိုဆိုမှုအကြောင်း ပြန်ပြောင်းပြောပြတော့ ကျွန်တော်လည်း ပြုံးလို့ မရတော့ပါ။ အဆိုးဆုံးကတော့ ဟိုနိုင်ငံကြီးမှာ သူရနိုင်မယ့်လခရဲ့ ဆယ်ပုံတစ်ပုံကို ဖွင့်ပြောတောင်းမိလို့ သူ့ရဲ့ကိုယ်ရေးဖိုင် ပြန်ပစ်ပေးတာ ခံရတဲ့အကြောင်းဖြစ်ပါတယ်။ ပြန်ပစ်ပေးသူဟာလည်း သူက တကူးတကန့်ရှာဖွေထားခဲ့တဲ့ သူသိပ်ချစ်မြတ်နိုးသော သူ့လူမျိုး အရင်းကြီးများ ဖြစ်ကြပါသတဲ့လေ။
. . . . . သူဟာ ဈေးဝယ်တိုင်းလည်း ဆိုင်များကို ကြိုးစားပြီး အချိန်ယူ ခွဲခြားလေ့ရှိသူတစ်ဦး ဖြစ်ပြန်တယ်။ သို့သော်လည်း ကံမကောင်းတာက များတတ်သူပါ။ သူရွေးချယ်ခဲ့သမျှ သူ့လူမျိုးပိုင် ဆိုင်များရဲ့ သူ့လူမျိုးအရောင်းဝန်ထမ်းတွေက တလေးတစား ဖော်ရွေဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံမှုမျိုး မရရှာပါဘူး။ တောက်တောက်ပြောင်ပြောင်နဲ့ အဆင်တန်ဆာ ပေါ်လွင်အောင် မ၀တ်တတ်တဲ့ အကျင့်ကြောင့်ပဲလား ၊ သူဌေးလေသံ သူဌေးဟန်နဲ့ မပြောတတ်ပဲ ရိုကျိုးနှိမ့်ချစွာ ခင်ဗျား၊ ကျွန်တော်၊ ဗျာ၊ ဟုတ်ကဲ့ တွေ လှိုင်လှိုင်သုံးတတ်လို့ပဲလားတော့ မခွဲခြားနိုင်ပါ။ သူရရှိတဲ့ဝန်ဆောင်မှုတွေက သူပေးခဲ့တဲ့တန်ဘိုးငွေနဲ့လည်း မတန်ပါ။ သူ့စေတနာနဲ့လည်း ပိုလို့ပင် မတန်တော့ပါ။

" မင်းမှာ ကူးစက်ရောဂါပိုး ရှိလို့လား " . . သူက မေးပါတယ်။
" ဘာရောဂါလဲ . . . မရှိပါဘူး "
" အေးပါ ၊ ငါသိပါတယ် ၊ ဒါပေမယ့် ဟိုကကောင်တွေက မယုံကြဘူးကွ ၊ ဒီမှာပဲ ဆက်ကျန်နေခဲ့တဲ့လူတွေဟာ ခပ်ညံ့ညံ့မဟုတ်ရင် ရောဂါပိုးရှိတဲ့လူတွေပဲလို့ သူတို့ကထင်နေတာ "
ကျွန်တော်လည်း သူ့ကို ပြုံးမပြနိုင်တော့ပါ။

x x x x x x x

. . . . . ဖတ်ဘူး ကြားဘူးခဲ့တဲ့ ဟာသပုံပြင်လေးက ပြီးသွားပေမယ့် ကျွန်တော့်အိပ်မက်က မပြီးဘူးဖြစ်နေပါတယ်။
" ဒါဖြင့် .. ကျွန်တော်တို့ကိုက သိပ်ကံဆိုးလို့ ဒီလိုနွားချေးပုံကြီးထဲမှာ ချေးထိုးပိုးကောင်အဖြစ် မွေးဖွားလာတာပေါ့ . . . ဟုတ်လား အဖေ "
" ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ သားရယ်။ ငါတို့ဟာ အင်းဆက်တွေထဲမှာ အသန်မာဆုံးမျိုးနွယ်ဖြစ်တယ်ကွ။ တို့အမျိုးထဲက တချို့ဟာ နွားချေးပုံကထွက်ပြီး ပြင်ပလောကထဲရောက်တာနဲ့ အရောင်အသွေးစုံပြီး သိပ်လှပတဲ့အကောင်ကြီးတွေ ဖြစ်လာကြတယ်။ သန်မာလိုက်တာလဲ မပြောနဲ့တော့။ ကိုယ့်မျိုးနွယ်ကို တန်ဘိုးထားတတ်ဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ပဲ လိုတာပါကွာ "
. . . . . ချေးထိုးပိုးအဖေကြီးက ပြင်ပလောကကို ငေးကြည့်နေတယ်။
. . . . . သားချေးထိုးပိုးလေးက အဖေချေးထိုးပိုးကြီးကို အားကျဂုဏ်ယူစွာ ငေးကြည့်နေပါရဲ့။

. . . . . အိပ်မက်ကမနိုးခင် အိပ်ချင်မူးတူးမှာ ကျွန်တော်ဟာ ချေးထိုးပိုးကောင်တွေသံပြိုင်ဆိုလိုက်တဲ့ ကမ္ဘာမကြေသီချင်းသံကို ကြားနေရပါသေးတယ်။


(ယက္ခ) ရဲကြီး ။ ၁၄ .၁၁ .၁၃ ။ ( The Voice Daily _ 25.11.13 )
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage
https://www.facebook.com/yekkha.yejee

" လွမ်းတေး နဒီ "

" လွမ်းတေး နဒီ "


ဥသြသံသာ
နွေကန္တာ သာမောဖွယ်ပ
ယာတောလယ်ခင်း။

တိမ်စင်စ ၀ဠာပြင်နဲ့
မရွှင်ဖွယ် လွမ်းနဒီရယ်
တမ်း သီ ဖွဲ့ ရင်း။

ဧရာက ရွှေဝါလူးလို့
ဗေဒါဖူး ရွက်ဆင်တယ်
ဖော်အင်မဲ့သူ ကူဆွေး။

ရိုးပြတ်ကွင်း ကျယ်ကျယ်မှာ
လေသယ်ရာ တိမ်တစ်စနှယ်သို့
ကိုယ်ဘယ်ဆီ မျှော်ရည်မှန်းရမယ်
လွမ်းဓလေ့ တေး။ ။


(ယက္ခ) ရဲကြီး / ကိုရဲ (ဆေး_၂)
1999-2000
(from romantic poems collection vol -3)
 

" သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ "

" သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ "          ( The Voice Daily _ 15.11.13 )


. . . . . "မင်းတို့ လစ်ဘရယ်သမားတွေဟာ" ၊ "မင်းတို့ ခပ်ပျော့ပျော့ကောင်တွေက" နဲ့စပြီး ဖော်လိုက်တဲ့ တိုက်ကွက်တွေက နှစ်ချို့တာရှည်ခံ အမုန်းလက်သီး စကားလုံးကြီးတွေနဲ့ တရစပ် ၀င်လာတော့တာပါပဲ။

. . . . . လမ်းဘေးက သူလိုကိုယ်လို နိုင်ငံရေးစကားဝိုင်းလေး ဆိုပါတော့။ သူတို့ ရည်ရွယ်ရာကို တိုက်ရိုက်ပြောခွင့် မရတဲ့အခါ အထက်ပါစကားလုံးတွေက ဒေါသနဲ့အတူ ပြောခွင့်ရတဲ့ဆီကို အရှိန်ပြင်းပြင်း ထွက်ကျလာလေ့ ရှိပါတယ်။

. . . . . ခပ်ပျော့ပျော့ဆိုတဲ့လူတွေက အစိုးရဘက်သားတွေတော့ မဟုတ်ကြပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ရပ်နေကြတဲ့ သူတို့ရဲ့ လမ်းပါပဲ။ ခပ်ပျော့ပျော့မဟုတ်တဲ့သူတွေကို ဆွဲကောင်းလည်းဆွဲကြလိမ့်မယ် ပေါ့ဗျာ။ ပိုကောင်းမယ်လို့ သူယုံကြည်တဲ့လမ်းကို အတူလျှောက်ဖို့ သူ့မိတ်ဆွေတွေကိုလည်း တိုက်ရင်းတွန်းရင်း ခေါ်ချင်ကြမှာ သဘာဝပဲမဟုတ်လား။

. . . . . မပျော့နိုင်တဲ့သူတွေက ဒီလိုလမ်းမျိုး တယ်ခံတွင်းမတွေ့ကြတော့လည်း ခက်ကြရတာပေါ့ ခင်ဗျာ။

" ဘာကြောင့် ထိုးချင်နေရတာတုန်းဗျ။ မထိုးပဲနဲ့လည်း ဖြစ်နိုင်နေမင့်ဟာကို။ ခင်ဗျားက ထိုးလိုက်ရမှကျေနပ်မယ် ဆိုသလိုများ ဖြစ်နေမလား "
" ရရင်ရ .. မရရင်တော့ ချပြီ ဆရာရေ "
" မျက်လုံးက လူတစ်ယောက်မှာ နှစ်လုံးပဲရှိတော့ ခက်တာပဲ။ သူဖောက်ခဲ့တဲ့ မျက်လုံးက နှစ်လုံးမကတော့ ဟန်မူရာဘီ ထုံးနဲ့တောင် မကျေနိုင်ဘူးလေ "

. . . . . သူတို့ရဲ့အမြင်ကို ပစ်ပယ်မထားသင့်လှ ပေဘူးဗျ။ သူတို့မှာလည်း လုံလောက်တဲ့ သူတို့ရဲ့ အကြောင်းရင်းတွေကိုယ်စီ ရှိကြကောင်းပါရဲ့။

" ကျုပ်လို ထောင်ထဲ အနှစ်နှစ်ဆယ် နေခဲ့ရပြီး ၊ လူတစ်ယောက်ရဲ့သိက္ခာတွေ၊ကြီးမြတ်မှု ဆိုတာတွေကို သုညအထိ ချနင်းခံခဲ့ရမယ်ဆိုရင် ခင်ဗျား ဒီလို ပျော့ပျော့ပြောင်းပြောင်းတွေးနိုင်ဦးမလား သိပ်သိချင်တယ်ဗျာ "

" ကျုပ်က ကျုပ်နိုင်ငံ ၊ ကျုပ်လူမျိုးအတွက်ဆိုပြီး ထမင်းငတ်ခံ၊ အဆင်းရဲခံပြီး လုပ်ခဲ့တယ်။ ကျုပ်နိုင်ငံ ကျုပ်လူမျိုးက ကျုပ်ဖို့တဲ့ .. ကျည်ဆန်တွေ ပြန်ပေးတယ်။ တချိန်လုံး ပစ်ပယ်ထားခဲ့တဲ့ ဘုရားက ဖယ်ပေးလို့ အခုထိမသေသေးတာပေါ့။ ဒီလိုမြစ်မျိုးကို ဖြတ်ခဲ့တဲ့လှေက ခင်ဗျားတို့လှေလို နုနုလှလှလေးဖြစ်ဖို့တော့ မမျှော်လင့်သင့်ဘူးလေ "

" ငါ့အမျိုး ၃ ယောက် သေတယ်။ မိသားစုဆိုတာ ပျက်စီးသွားခဲ့တယ်။ ဖျက်ဆီးခံရတာ။ မိဘတွေကို ကိုယ့်ယုံကြည်မှုနဲ့ ကျေးဇူးဆပ်သလို ဖြစ်ခဲ့တယ်။ ဒီထဲက အမာရွတ်တွေက မပျောက်နိုင်တော့ဘူး။ ဒီလို အသည်းနှလုံးမျိုးဟာ ဘယ်လိုကြောင့်များ ပျော့ပြောင်းနိုင်လိမ့်မလဲကွာ။ အဲဒီလောက်အထိလည်း ငါတို့ မကြီးမြတ်နိုင်ကြသေးဘူး "

. . . . . မတူတဲ့ အမြင်တွေကို လေးစားတတ်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ကိုယ်စီက ဘယ်လောက်အထိ ကြီးမြတ်နိုင်ကြမှာ မို့လို့လဲ။

. . . . . စကားမာမာကို မျက်နှာထားမာမာ ၊ နှလုံးသားမာမာနဲ့ ပြောတတ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ စကားလေးမျှဝေရင်း အများသူငါတွေရဲ့ ရှုထောင့်များကို အသီးသီးလေးစားတတ်ကြဖို့ စကားလက်ဆောင်ပါးလိုက်ရပါတော့တယ်။

" ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပါတယ်။ တကယ်ပြောတာ။ ဘာမှ လက်တုန့်မပြန်စေရဘူး။ ခွင့်လွှတ်ပါတယ်။ သူတို့ရဲ့မျက်နှာကို မကြည့်ပဲ ပြောတာပါ။ ဟုတ်တယ်။ ကျွန်တော်တို့ မျက်နှာမူထားတာက ကျွန်တော်တို့ပြည်သူတွေပဲ။ သူတို့အတွက် ၊ သူတို့မျက်ခွက်နဲ့ပဲ အားလုံးကို ခွင့်လွှတ်ပါရစေတော့။ခင်ဗျားတို့ပြောသလို လက်လည်းကမ်းပါ့မယ်။ ၀မ်းပန်းတသာမဟုတ်တောင် ကြိုဆိုမယ်။ ကျွန်တော်တို့အသက်ရှင်နေတာက ဒီအတွက်ပါပဲ။ ကောင်းပါပြီ။ အလေးအနက်ထားပြီး တစ်ခုပြောပါရစေ။ ကျွန်တော်တို့ဘက်က လက်ကမ်းပြီးပြုံးပြနေတာတောင် ခမျာများဘက်က ဆက်ခါးနေလို့တော့ မဖြစ်နိုင်ဘူး။ ပြည်သူဆိုတဲ့ ပုံမှန်ဘ၀တွေကို ဆက်ပြီးစော်ကားဖို့ မဟုတ်တော့ဘူး။ အခွင့်ထူးခံဘ၀မှာ ဘုရားဆက်ထူးနေဖို့တော့ မဟုတ်တော့ဘူး။ လက်အုပ်ချီခံနေပြီး တစ်ဆွေလုံးတစ်မျိုးလုံးပိုင်တဲ့ တိုင်းပြည်လို ဆက်ပြုမူနေဖို့တော့ မဟုတ်တော့ဘူး။ ဒီလောက်တော့ ခမျာများလည်း သိသင့်ပါတယ်။ သိနိုင်လောက်တဲ့ ဥာဏ်ရည်နဲ့ သိနိုင်လောက်တဲ့ စိတ်နှလုံးရှိပါစေ ဆုတောင်းပါတယ်။ အ၀ိဇ္ဖာတွေကို အချိန်မီ ပယ်သတ်နိုင်ပါစေဗျာ။ "

" ကျွန်တော်တို့ လုံလောက်အောင် သတ္တိရှိပါတယ်။ ကျွန်တော်တို့ပါးကိုရိုက်ခဲ့တဲ့ လက်တွေကို အပြုံးနဲ့ပဲပြန်လက်ကမ်းနိုင်တဲ့အထိ သတ္တိရှိပါတယ်။ ဒီအတိုင်းပဲ .. လိုအပ်ရင် ပါးကိုဆက်ထိုးပေးဖို့ ၊ သို့မဟုတ်လည်း လိုအပ်တဲ့အခြေအနေအတိုင်း သတ္တိကောင်းဖို့ ကျွန်တော်တို့က လုံလောက်ပါတယ်။ ကျွန်တော်တို့လောက် သတ္တိမကောင်းနိုင်ရင်တော့ သူတို့မြန်မြန်ပဲ လိမ္မာလိုက်ကြတာက အားလုံးအကျိုးရှိပါလိမ့်မယ်။ "


(ယက္ခ) ရဲကြီး ။ ၅.၁၁.၁၃ ။ ( The Voice Daily _ 15.11.13 )
https://www.facebook.com/yekkha.yejee
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage

" ဘ ဝ ဂ စ် တာ က ဗျာ ဂီ တ "


" ဘ ဝ ဂ စ် တာ က ဗျာ ဂီ တ "


ဘ ဝ ကြီး ရဲ့  ခ န္ဓာ ပို င်း ကို ထု ဆ စ် ချိ န်ေ ရာ က်ေ တာ့
တ စ်ေ ယာ က် တ ည်း ရ ယ်

ဂ စ် တာ ဗ င့်ေ တွ နဲ့ ယှ က် လိ မ် ဖွဲ့ စ ပ် ခဲ့ တဲ့
အားေ ကာ င်းေ မာ င်း သ န် ဒ သ နေ တွ
တ စ် လ စာေ ဗ ဒ င် စာ အု ပ် ထဲေ တာ င် အ ကျုံး မ ဝ င် ခဲ့ ရှာ ဘူး

ဂီ တ န က် သ န် ဦးေ စာ ညိ မ်းေ ရ . . .
နှု တ် ဆ က် ခဲ့ ဖူး ချ င် သူ ပါ

ကြွ ပ် ကြွ ပ်ေ ကြာ် ပြီး ဆီ ပူ ထိုးေ ပး ချ င် ကြ တဲ့
ဘ ဝ ေ ပ း မိ တ္ ေ ဆြ ေ တြ အ လ ယ် မှာ
ဒ ယ် အိုး ပုံ ဦးေ ခါ င်း ခွံ ပို င် ချ င် သူ ပါ

ရ ယ် ဒီ မိ တ် ချ စ် ဦး သူ များ စွာ ပါ ဝ င် ပ တ် သ တ် ခဲ့ သ မျှ
လုံး ကြီးေ ပါ က် လှ အ လွ မ်း အိုေ တွ နဲ့ 
စား ကျ က် မှားေ ကျာ င်း ခဲ့ သူ ပါ

ေ ဟာ . . ေ ရ ဒီ ယို လာ ပါ ၿပီ
" ေ နာ င် တ ခေ တ် ရဲ့ေ ခါ င်းေ ဆာ င် ဆို တာ ဒ င်း တို့ မ ဟု တ် လား" တဲ့ ။


( ယ က္ခ ) ရဲ ကြီး / ( ကိုရဲ ဆေး-၂ )
5.1.04
 

" ဟေ့ကောင် "

" ဟေ့ကောင် "

မင်းဟာ ငါ ပါပဲ ဟေ့ကောင်
သိပ် သတ္တိ ကောင်းခဲ့တဲ့ ကောင် တွေ
တောင်တွေကို ပြိုအောင် ဖြိုခဲ့ကြ တယ် မဟုတ်လား
ငါတို့ အသည်းတွေ နု သလောက် . . ငါတို့ ခေါင်းတွေ မာ
ငါတို့ ကျောရိုးမ တွေ မာ ခဲ့ကြ
ငါ ဟာ မင်း ပဲ ဟေ့ကောင်
ရှေ့ဆက်ပြီး မှောင်နေမယ်ဆိုလည်း . ငါတို့ တိုး ဦး မှာ ပဲ
ငါတို့ဟာ ငါတို့ကိုယ်တိုင်ရဲ့ ဓူဝံကြယ်
ငါတို့ကို ၀ယ်ယူဖို့ မကြိုးစား ကြပါနဲ့
ငါတို့ရဲ့ ဂျက်လန်ဒန် ဟေ့ယောင်
ငါတို့ရဲ့ မြမန်းဂီရိ ၊ ငါတို့ရဲ့ ဘွန်ဂျိုဗီ ဟေ့ယောင်
ငါတို့ရဲ့ သုံးထပ်ကောင် ၊ ငါတို့ရဲ့ လမ်းမတော်
ငါတို့ရဲ့ စတီဖင်ဟော့ကင်း နဲ့ ငါတို့ရဲ့ ဂီတနက်သန် ဟေ့ယောင်
ဟေ့ကောင် ဟာ ငါ ပဲ ၊ ဟေ့ကောင် ဟာ မင်း ပဲ
ငါတို့ လက်သီးတွေ မပြေသေး သမျှ . . ငါတို့ ဒူးတွေ မခွေသေး သမျှ
ငါတို့ ဟာ ငါတို့ ပါပဲ ဟေ့ကောင် ။

ဟေ့ကောင် တွေက ငါတို့ကို အားဖြည့်ခဲ့ကြ
ငါတို့ တွေက ဟေ့ကောင် ကို ဆွဲထူကြ
ဘ၀ ဆိုတာ ဒီမှာပြည့်စုံခဲ့တာပဲ ဟေ့ကောင်
ငါတို့ရဲ့ စိတ်ဓါတ်ခွန်အားဟာ ဟေ့ကောင်
ငါတို့ရဲ့ အိပ်မက်တွေလည်း ဟေ့ကောင်
မင်း ရော .. ငါ ရော ပါ .. ဟေ့ကောင်

မှောင်လာရင်လည်း ဒီ လက်တွေကို ဖြန့်မပစ်နဲ့ဦး ဟေ့ကောင်
မင်း ထောက်မယ့် ဒူးမှာ ငါ့ ၀ိဥာဏ်ကို တဆုံး ထည့်ထားပေးလိုက်ပါ
ငါ့ အံသွားထဲမှာ မင်း ယုံကြည်ချက် တစ်စုံတစ်ရာ
ငါတို့ရဲ့ ည တွေမှာ ငါတို့ကိုယ်ကို ရှို့လို့ ဆက်လင်းကြမယ် ဟေ့ကောင်
နံပါတ် ၆ ကြိုးပြတ်လည်း ငါတို့လျှာတွေ ဆက်ကိုက်ထားဦးမှာပဲ ဟေ့ကောင်
ကြိုက်သလောက်သာ မှောင်ထားလိုက်တော့
ဆက် ဆော့ သွားမယ့် လမ်းမှာ
မင်း ရယ် ငါ ရယ် ဟေ့ကောင် ရယ် .. ပြီးတော့ ငါတို့ ရယ် . . . ။ ။

(ယက္ခ) ရဲကြီး။ ၂.၁၁.၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

" က ဗျာ ဆ ရာ "


" က ဗျာ ဆ ရာ "

က ဗျာ ဆ ရာ ဟာ လူ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ စာေ ရး ဆ ရာ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ရ င်း ထေ န တဲ့ အ နာ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ အ ဆိုး မြ င် သ မား လဲ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ လ က် ေ တြ နဲ ႔က ဗ်ာ ေ ရ း သူ တ စ္ ေ ယာ က် မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာေ စး ထ န်း ပျ စ် ခဲ ပြီး အ ဆိ ပ် သ င့်ေ န တဲ့ အိ ပ် မ က်ေ တွ ရဲ့  ပို င် ရှ င် မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ငှ က် တ စ်ေ ကာ င် လဲ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ပ န်း ပွ င့် များ ကို မု န်း တီး သူ , မ ခူး ရ က် သူ , ငြို ငြ င် သူ မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ သ က် ရှိ ပ စ္စ ည်း မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ပု ပ် သိုးေ န တဲ့ ကျ မ်း စာေ ဟာ င်း တ စ်ေ စာ င် မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ စိ တ် ေ ရာ ဂါ ေ ဆ း ရံု က လူ နာ တ စ္ ေ ယာ က် မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ရှ ယ် လီ မ ဟု တ် ဘူး , ဦး ပု ည မ ဟု တ် ဘူး
က ဗျာ ဆ ရာ ဟာ ထ မ င်း နဲ့ ဟ င်း ကို လ က် နဲ့ မ စား ဘူး , ပါး စ ပ် နဲ့  မ စား ဘူး
က ဗျာ ဆ ရာ ဟာ အ တိ တ် နဲ့ ပ စ္စု ပ န် မှာ မ တ ည် ရှိ ဘူး
က ဗျာ ဆ ရာ ဟာ မ ပျံ တ တ် ဘူး
က ဗ်ာ ဆ ရာ ဟာ ေ ဆး ကု သ မႈ ခ ဏ ခ ဏ မ ခံ ယူ ရ ဘူ း
က ဗျာ ဆ ရာ ဟာ နာ မ ည် ကို မေ ရာ င်း စား ဘူး

က ဗျာ ဆ ရာ ဟာ . . က ဗျာ ဆ ရာ ဖြ စ် လာ တ ယ်
က ဗျာ ဆ ရာ ဟာ . . က ဗျာ ဆ ရာ ဖြ စ် သွား တ ယ်
က ဗျာ ဆ ရာ ဟာ . . က ဗျာ ဆ ရာ ဖြ စ် ခဲ့ တ ယ်
က ဗျာ ဆ ရာ ဟာ . . လူ မ ဟု တ် ခဲ့ ဘူး


( ယ က္ခ ) ရဲ ကြီး / ( ကိုရဲ ဆေး-၂ )
15.11.07.
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yejee

" လျှောက်မယ့်လမ်း ၊ လှမ်းမယ့် ပန်းတိုင် "

" လျှောက်မယ့်လမ်း ၊ လှမ်းမယ့် ပန်းတိုင် "           ( The Voice Daily _ 6.12.13 )


. . . . . ကျွန်တော်တို့အားလုံး အားထားခဲ့ကြတဲ့ ၊ အားထားနေဆဲပဲဖြစ်တဲ့ ပါတီကြီးအကြောင်း စိတ်လက်မချမ်းသာစွာနဲ့ပဲ ရေးရပါတော့တယ်။ စာရေးသူရဲ့စိတ်ရင်းခံကို နားလည်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဟုတ်ပါတယ် . . NLD ပါတီပါပဲ။

. . . . . ကျွန်တော်တို့မှာ ပါတီစွဲ မရှိပါ။ လူတိုင်းလို ရှိကြပြီးသားဖြစ်တဲ့ ပုဂ္ဂိုလ်စွဲကိုလည်း တတ်နိုင်သလောက်ကြိုးစားဖျောက်ကြရမှာပါ။ ကျွန်တော်တို့အတွက်ကတော့ ကျွန်တော်တို့တိုင်းပြည်ထဲက ပါတီအားလုံး ကျွန်တော်တို့ပါတီချည်းပါပဲ။ အားလုံးကို အားကိုးချင်မိသူများပါ။ အားလုံးကို အထင်ကြီးလေးစားစိတ်နဲ့ မျှော်လင့်မိချင်သူများပါ။ လူကြီးလူကောင်းပီသစွာနဲ့ ကျွန်တော်တို့အကျိုး သယ်ပိုးထမ်းရွက်ခွင့်ကို တန်းတူကစားကွင်းထဲမယ် သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြတာကို လက်ခုပ်တီးချင်သူများပါ။

. . . . . ကျွန်တော်တို့ကို ဖေးမကူညီမှာလား ၊ ၀ါးကူထိုးပြီး နှစ်ကြမှာလား လို့ တွေးမိတဲ့အကြိမ်ရေတွေများလာတဲ့အခါ ဒီလိုစာမျိုးကို ရေးဖြစ်စေပါတော့တယ်။ ကျွန်တော်တို့တစ်တွေ သိပ်မျှော်လင့်ခဲ့ကြတာမဟုတ်လား။ သိပ်မျှော်လင့်နေဆဲပဲ မဟုတ်လားဗျာ။

. . . . . အောက်ခြေမှာ သိသိသာသာ ဆိုးရွားပျက်ယွင်းလာနေပါတယ်။ အပေါ်ဆင့်တွေအကြောင်း သိပ်မသိသလို ၊ ကျွန်တော်တို့နဲ့လည်း သိပ်ထိတွေ့စရာမရှိလို့ မပြောတတ်ပါ။ ကျွန်တော်တို့နဲ့ ထိတွေ့နေရတာကတော့ အောက်ခြေပါတီဝင်များ (functioning units) သာဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့ ၊ ဟုတ်ခွင့်မရကြတဲ့ တိုင်းသူပြည်သားများလူသာမာန်များ ဖြစ်ကြကြောင်းပါ။

. . . . . အရပ်ထဲမှာ နဂိုထဲက ရှောင်ကြဉ်ကြရပါတဲ့ နယ်ခံလူမိုက်များမှာ ခုအခါ ပါတီလက်ပတ်များနဲ့ ပိုလို့ ပနာစား တောက်ကြွားနေကြပါရော ခင်ဗျာ။ ဘာပွဲ ညာပွဲ ၊ အသံချဲ့စက်သံများ စီခနဲစတာနဲ့ အင်္ကျီမပါ ကိုယ်ဗလာဆရာသမားများက ခွပ်ဒေါင်းလက်ပတ် ဘယ်ညာပတ်လို့ တွင်ကျယ်လှကြပါပေ ခင်ဗျာ။ အရက်နံ့ ထောင်းထောင်းထလို့ ၊ ပုဆိုးစလွယ် သိုင်းသူသိုင်း ၊ ၀ါလည်းရ ဆရာလည်းကျ သူများကတော့ ပုလင်းကိုနောက်ကျောမှာ ခပ်ပြောင်ပြောင်ထိုးလို့။ အုပ်ချုပ်ရေးမှူးဆိုသူများလည်း စကားတင်းတင်းဆိုရဲကြပုံ မပေါ်ပါ။ သူတို့က ခွပ်ဒေါင်းခေါင်းစီး ကိုယ်စီနဲ့ဟာကိုး ခင်ဗျ။

. . . . . ကျွန်တော်တို့ နှလုံးသားထဲအထိစွဲခဲ့ရတဲ့ အနီရောင် ခွပ်ဒေါင်းပုံ ပိတ်စကလေးတွေဟာ အခုအခါ ကြောက်ရွံ့မသတီစရာ ပိတ်စကလေးတွေအဖြစ် တဖြည်းဖြည်းပုံစံပြောင်းလာသလိုမျိုး ခံစားရတာကို အလွန်ပဲဝမ်းနည်းမိပါတယ်။

. . . . . ကားတစ်စီးလုံး အနီရောင်ပိတ်စတွေနဲ့ ၊ ကိုယ်တုံးလုံးခေါင်းစည်းလက်ပတ် ဆရာသမားများနဲ့ ၊ အသံချဲ့စက်က ပါတီသီချင်းသံနဲ့ "အမေစု . . အန်အယ်လ်ဒီ" အော်ဟစ်သွားကြတဲ့ အရက်နံ့လှိုင်လှိုင် ဒိုင်နာကားတွေလည်း ပိုပိုတွေ့လာရပါတယ်။ သူတို့သွားမယ့်လမ်းကို ပိတ်တယ်ထင်လို့နဲ့တူပါရဲ့ ၊ ဆဲဆိုသွားတတ်ကြပါသေးတယ်။ ဘယ်သူတွေက ကျွန်တော်တို့ကို ကူညီကြမှာလဲ။ ဘယ်သူတွေကို ကျွန်တော်တို့မျှော်လင့်ရမှာလဲ။

. . . . . " ဘယ်သူလဲ ၊ နာမည်ပြော ၊ ဘာကိစ္စလဲ ၊ ဘယ်ကလဲ " . . ကျွန်တော်တို့အားလုံး သိပ်မုန်းတီးစက်ဆုပ်ခဲ့ကြတဲ့ အာဏာရှင်ခေါင်းစည်းအောက်က လေယူလေသိမ်း တင်မကတဲ့ မျက်နှာပေး ၊ မျက်လုံးအကြည့် များနဲ့ ငယ်ရွယ်နုပျိုတဲ့ ပါတီဝင်လူငယ် အပေါက်စောင့်လေးပါ။ ထောင်ထဲမှာ ဆယ်စုနှစ်နဲ့ချီ ပေးဆပ်ခဲ့တဲ့ သူ့ဦးကြီး ၊ ဘကြီးအရွယ် စီနီယာကို ဆက်ဆံပုံပါ။ ငယ်ရွယ်သူဘာသာဘာဝ အပေါက်စောင့်ခွင့်ရတဲ့ ခဏမှာ တစ်စုံတစ်ရာကို ယစ်မူးသွားတာများလား။ တံခါးပေါက်ထက်ကြီးကျယ်တာတွေကို စောင့်ရှောက်ခွင့်ရတဲ့ တစ်နေ့မှာဆိုရင်ရော။

. . . . . ကျွန်တော်တို့ သိရှိထိတွေ့ခွင့်ရတဲ့ အောက်ခြေ ပါတီဝင်များက ဒီလိုတွေပါ။ ရှေ့ဖြတ်လျှောက်ရင် ခေါင်းငုံ့ပေတော့လို့ ခံစားရစေတာတော့ အမှန်ပါ။ "ပါတီကြီးကို ဘယ်နေ့မှာ ဘယ်သူတွေက စတည်ထောင်ခဲ့တာလဲ" ဆိုတဲ့ မေးခွန်းမျိုးလောက်ကိုတောင် မဖြေတတ်တဲ့ အထက်ကတံခါးမှူးလေးလိုလူတွေပဲ အတွေ့ရများပါတယ်။ အသိပညာဝမ်းစာဟောင်းလောင်းနဲ့ ခေါင်းတွေထဲက သေးနုပ်တဲ့အတွေးအယူတွေအတွက် တာဝန်ရှိမှာက ဘယ်သူတွေများလဲ ခင်ဗျာ။

. . . . . ကား ၊ ဆိုင်ကယ်နဲ့ မထိမိဘဲနဲ့ ပစ်လှဲ ငိုပြတတ်တဲ့သူတွေရှိတာ သိကြပါလိမ့်မယ်။ အများသိနေကြတဲ့ ငွေညှစ်ရန်အားထုတ်မှုများမှ ငွေညှစ်သူအကျင့်ပျက်ဆင်းရဲသားများအတွက် ရှေ့ကအဆင်သင့်ဆိုသလို ရုံးပြင် စခန်း တက်ကြွစွာပါဝင်ဆောင်ရွက်ပေးကြရှာတဲ့ ပါတီဝင်တွေလည်း အားရစဖွယ်တွေ့ကြရပါတယ်။ ခေတ်သစ်ရော်ဘင်ဟုများ ပုံဖော်ကြလေသလား။ ကား ၊ ဆိုင်ကယ် စီးနိုင်တဲ့ ဖောက်ပြန်သောလူတန်းစားတွေကို နှိပ်ကွပ်ဖို့ပဲလား။ နဂိုအခံ မစ္ဆရိယအချဉ်ဓါတ်ကလေးတွေ စုဆောင်းဖော်ထုတ်ပွဲပဲလား။ ဓမ္မ ၊ အဓမ္မ မခွဲခြားနိုင်လောက်တဲ့ ညဏ်ပညာနုံနဲ့မှုပေလား။ ကာယကံရှင်များကိုယ်တိုင်ရော ခွဲခြားနိုင်ကြပါရဲ့လား မသိပါ ခင်ဗျာ။

. . . . . ဆင်းရဲသူ / အားနည်းသူ ဘက်က ရပ်တည်မှာလား။ မှန်တဲ့သူ ဘက်ကရပ်တည်ကြမှာလား။ အကျိုးကျေးဇူးတစ်စုံတစ်ရာကြောင့် ရပ်တည်ကြတာရော ဖြစ်နေမလားခင်ဗျာ။

. . . . . အားလုံးဆိုးနေကြတာ မဟုတ်မှန်းကျွန်တော်တို့ သိပါတယ်။ တခြားပါတီများနဲ့ ယှဉ်ရင် လူကောင်းတွေလည်း ပိုများပါတယ်လို့ ပြောရင်လည်း ကျွန်တော်တို့ မငြင်းလိုပါ။ ပါတီဥက္ကဌကြီးရဲ့ စကားကိုပဲ သိပ်ကြိုက်လို့ ပြန်ပြောပါရစေ။ "နိုင်ငံရေးအကျဉ်းသား တစ်ယောက်ရှိတယ်ဆိုရင်ပဲ များလှပါပြီ" . . ဆိုတဲ့အတိုင်းပါပဲ။ " ပြည်သူကို ညှဉ်းဆဲကလူပြုမယ့် ပါတီဝင်တစ်ဦးရှိတယ် ဆိုရင်ပဲ ကျွန်တော်တို့အတွက်တော့ များလှပါပြီ " လို့ ဆိုချင်ပါတယ်။

. . . . . ကျွန်တော်တို့ကို ညှဉ်းဆဲကလူပြုတတ်တဲ့သူတွေရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်လို့ ကျွန်တော်တို့အများကြီးမျှော်လင့်ခဲ့ရတဲ့ အမှတ်တံဆိပ်ကြီးပါ။ အားလုံးအားထားကြရတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ် ၊ ခေါင်းဆောင်ပုဂ္ဂိုလ်များ မရှိတော့တဲ့အခါ "ကျားထက်ဆိုးတဲ့ ရှင်ကြီး" လည်း ဖြစ်မသွားစေလိုပါ။ ကျွန်တော်တို့နဲ့ အလှမ်းကွာဝေးပါတဲ့ အထက်ပိုင်းလွှာမှ တာဝန်ရှိသူကြီးများက ကျွန်တော်တို့ကို ပြန်ကြည့်ပေးကြပါ။ ကျွန်တော်တို့ဆိုတာဟာ ဘာကြီးညာကြီးမှ မဟုတ်ကြတဲ့ ၊ ဟုတ်ခွင့်မရကြတဲ့ တိုင်းသူပြည်သားများလူသာမာန်များ ဖြစ်ကြကြောင်းပါ။

. . . . . အရာရာတိုင်း ရွေ့နေပြီဖြစ်တဲ့ ဒီနေ့မှာ ပါတီကြီးဟာလည်း အရွေ့တစ်ခုထဲမှာ စီးမျောနေမှာအမှန်ပါ။ ဒါကြောင့်မို့ တစ်နေ့တစ်ချိန်မှာ 'ရောက်' သွားမှာလည်း အမှန်ပါပဲ။ 'ဘယ်ကိုလဲ' ဆိုရင်တော့ သူရွေးချယ်ခဲ့တဲ့လမ်းပေါ်က သူလှမ်းနေတဲ့ ပန်းတိုင်ဆီကိုသာ ဖြစ်ပါလိမ့်မယ် ခင်ဗျား။


(ယက္ခ) ရဲကြီး ။ ၄. ၁၂. ၁၃ ။ ( The Voice Daily _ 6.12.13 )
https://www.facebook.com/yekkha.yejee
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage